မိုင်းပျဉ်း သြဂုတ် ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းကျန်းမာရေးရက်သတ္တပတ်၊ သွေးလွန်တုတ်ကွေးရောဂါအန္တရာယ် အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်(၉)နာရီက အဆိုပါကျောင်း နီလာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။
အခြေခံပညာအထက်တန်းကျောင်း၏ သွေးလွန်တုတ်ကွေးရောဂါအန္တရာယ် အသိပညာပေး ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာခိုင်မှ အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် အလယ်တန်းပြဆရာမ ဒေါ်မြသက်ခိုင်က သွေးလွန်တုတ်ကွေးရောဂါဖြစ်ပွားရသည့် အကြောင်းရင်း၊ သွေးလွန်တုတ်ကွေးရောဂါ မဖြစ်ပွားစေရန်အတွက် လိုက်နာဆောင်ရွက်သင့်သည်များ၊ သွေးလွန်တုတ်ကွေးရောဂါ လက္ခဏာများ၊ သွေးလွန်တုတ်ကွေးရောဂါ ကာကွယ်ရန်နည်းလမ်းများ၊ မိမိတို့အိမ်နှင့်ပတ်ဝန်းကျင်တွင် ခြင်ပေါက်ပွားမှု မရှိစေရေး ဖုံး၊ သွန်၊ လှဲ၊ စစ်စနစ်လုပ်ဆောင်ခြင်းဖြင့် စုပေါင်းကာကွယ်တိုက်ဖျက်ဆောင်ရွက်ကြရန် စသဖြင့် အကျယ်တဝင့် ဆွေးနွေးဟောပြောခဲ့သည်။
အဆိုပါ သွေးလွန်တုတ်ကွေးရောဂါအန္တရာယ် အသိပညာပေးဟောပြောပွဲ အခမ်းအနားသို့ မြို့နယ်ပညာရေးမှူး၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
နန်းသန္တာဦး(ပြန်/ဆက်)