တွံတေးမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ဟောပြောပွဲ၊ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲများ ကျင်းပ

တွံတေး သြဂုတ် ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် ဟောပြောပွဲ၊ လူငယ်ရေးရာအသိပညာပေးဟော​ပြောပွဲ၊ ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲများနှင့် ဂိမ်းကစားပြိုင်ပွဲများကို ယနေ့နံနက် (၁ဝ)နာရီအချိန်က အ.မ.က မူလွန် (တလုတ္ထော်)၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် အ.မ.က မူလွန် (တလုတ္ထော်)ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းစန္ဒာက အမှာစကားများ ပြောကြားခဲ့ကြသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသက်ဦးက စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် မြို့နယ်တိုင်းရင်းဆေးကုသရေးဌာနမှ မြို့နယ်တိုင်းရင်းဆေးဦးစီးမှူး ဒေါ်နွယ်နွယ်ဦးက တိုင်းရင်းဆေးအကြောင်း သိကောင်းစရာနှင့် ရာသီတုပ်ကွေးအကြောင်း ဟောပြောခဲ့သည်။

ယင်းနောက် ရပ်မိရပ်ဖတစ်ဦးကကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ထို့နောက် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲများ၊ ဂိမ်းကစားပြိုင်ပွဲများ ဆက်လက်ကျင်းပရာ မူလတန်းအဆင့်၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူလေးများ ဝင်ရောက်ယှဉ်ပြိုင်ကြသည်။ ဆက်လက်၍ ပြိုင်ပွဲတွင် ဆုရရှိသော ပထမ၊ ဒုတိယ၊ တတိယ၊ နှစ်သိမ့်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား တာ၀န်ရှိသူများက ဆုများအသီးသီးပေးအပ်ခဲ့ကြသည်။

ယင်းနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်မားလာစေရန်နှင့် အသိပညာဗဟုသုတရရှိစေရန် ပြသထားသော မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များ ပြသထားရာ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

မျိုးလှိုင် တွံတေး