မော်လမြိုင်မြို့ ဇေယျာသီရိရပ်ကွက်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မော်လမြိုင် ဩဂုတ် ၁၀

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး ငါးကြောင်းဖြင့် ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ဇေယျာသီရိရပ်ကွက် မြောက်ကွင်း‌ကျောင်းဓမ္မာရုံ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အတွင်းရေးမှူးရဲမှူး အောင်မြင့်ဌေး၊ မြို့နယ်အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်မိုးလွင်နှင့် စစ်ကြောင်းကြီး ငါးကြောင်းမှ ဌာနဆိုင်ရာ တာဝန်ရှိသူများက လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်မှု အခြေအနေများ၊ ဌာနဆိုင်ရာများက စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကျန်းမာရေး၊ ပညာရေးစသည့် ကဏ္ဍများအလိုက် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်စန်းမြင့်က Facebook Viber Telegram စသည်တို့ကို အသုံးပြု၍ အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်းများသို့ လိမ်လည် စည်းရုံးခေါ်ဆောင်သည့်နည်းလမ်းများ၊ အွန်လိုင်းငွေကြေးလိမ်လည်မှု လုပ်ငန်းများတွင် သတိပြု ရှောင်ရှားနိုင်ရေးနှင့် ငွေကြေးလိမ်လည်များ ကင်းဝေးနိုင်စေရေးတို့အတွက် သတိပြုရမည့် အချက်များကို အသိပညာပေး ဆွေးနွေးခဲ့ကြသည်။

အသိပညာပေး ဟောပြောပွဲ၌ စစ်ကြောင်းကြီးငါးကြောင်းက မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့်ဒေသဖွံ့ဖြိုးရေးအတွက် ဒေသခံ ပြည်သူများနှင့်တွေ့ဆုံကာ ဒေသခံပြည်သူများ၏ တင်ပြမှုများအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခင်စန်းမြင့် (ပြန်/ဆက်)