မင်္ဂလာဒုံမြို့နယ်၌ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့(အကြို) လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် ပြပွဲ/ပြိုင်ပွဲများကျင်းပ

မင်္ဂလာဒုံ ဩဂုတ် ၁၀

၂၀၂၅ ခုနှစ် ဩဂုတ် ၁၂ ရက်နေ့တွင် ကျရောက်မည့် ာအပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာဖတ်ရှိန်မြှင့်တင်ရေးအစီအစဉ်အဖြစ် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်၌ လူငယ်များအနေဖြင့်ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်လူရွယ်များပေါ်ထွန်းလာစေရေးနှင့် လူငယ်များကဏ္ဍကိုမြှင့်တင်ဆောင်ရွက်ပေးနိုင်ရန်ရည်ရွယ်လျက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ‌ဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာတိုးပွားလာစေရေးနှင့် စာဖတ်ရှိန်မြှင့်တင်‌ရေးအတွက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီက အမှတ်(၄)အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ ကျင်းပသည်။

ဦးစွာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ရွှေဦးက အဖွင့်အမှာစကားပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူလူငယ်လူရွယ်များအနေဖြင့် ကာယဗလ၊ ဉာဏဗလ၊ ဘောဂဗလ၊ မိတ္တဗလနှင့် စာရိတ္တဗလဆိုသည့် ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် တစ်ဖက်တစ်လမ်းမှအထောက်အကူပြုလိမ့်မည်ဖြစ်ကြောင်း၊ “အမျိုးသားစည်းကမ်းအစ သင်စာကျောင်းက” ဆိုသည့်အတိုင်း အတန်းပညာတတ်မြောက်ရေးအပြင်၊ စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်ရေး၊ တိုင်းချစ်ပြည်ချစ်စိတ်နှင့် မျိုးချစ်စိတ်ဓာတ်မြင့်မားလာစေရေး ပျိုးထောင်ပေးရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အားထားရသော လူတော်လူကောင်း၊ လူရည်ချွန်မောင်မယ်လေးများဖြစ်လာစေဖို့အတွက် ကျောင်းပြင်ပအချိန်များတွင်လည်း ကြက်ခြေနီလူငယ်၊ ပရဟိတလူငယ်၊ ကင်းထောက်လူငယ်၊ အားကစားလူငယ်၊ ရေကြောင်းလူငယ်၊ လေကြောင်းလူငယ်စသည့် ပတ်ဝန်းကျင်ကောင်းမှာကျင်လည်ပြီး လူငယ်ဘဝကို မြှင့်တင်နိုင်ကြပါစေ၊ ဖြတ်သန်းနိုင်ကြပါစေဟု ပြောကြားသည်။

အဆိုပါ ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးသိန်းထွန်းအောင်က လူငယ်များ၏အခန်းကဏ္ဍကိုမြှင့်တင်ပေးနိုင်စေရန် အပြည်ပြည်ဆိုင်ရာလူငယ်များ‌နေ့အတွက် “လူငယ်စွမ်းအားမှသည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ပန်းတိုင်ဆီသို့”(Local Youth Actions For The SDGs And Beyond) ဟူသည့် ဆောင်ပုဒ်နှင့်အညီ ကျောင်းသား၊ ကျောင်းသူများများအခြေပြုပြီး အသိပညာဗဟုသုတများတိုးပွားလာ‌စေရန်၊ လူငယ်များအနေဖြင့် အတွေးအခေါ်၊ အယူအဆများ မှန်ကန်လာစေရန်နှင့် မြင့်မားလာစေရန်စသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ သပြေညိုပညာဒါနအကျိုးဆောင်အသင်းမှ အတွင်းရေးမှူး ဆရာဦးနေဆန်းက “လူငယ်နှင့်E-စီးကရက်အန္တရာယ်”၊ မြို့နယ်စာရေးဆရာအသင်းမှဥက္ကဋ္ဌ စာရေးဆရာ ငွေစိုး(ရွှေကြန့်မြေ)က “လူငယ်များနှင့်‌ ရသခံစားမှုအနုပညာ”၊ မြို့နယ်စာကြည့်တိုက်ကြီးကြပ်မှု‌ကော်မတီမှဥက္ကဋ္ဌ ဦးသီဟဘော်ဇံက “လူငယ်များနှင့် အင်တာနက်ပေါ်က သတင်းအမှားများ၏အန္တရာယ်” စသည့်ခေါင်းစဉ်များဖြင့် အသီးသီးဟောပြောခဲ့ပြီးနောက် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးနှင့် အခြေခံပညာအထက်တန်းကျောင်းမှ Grade 12 ကျောင်းသား/ ကျောင်းသူများအား သိမှတ်စွမ်းရည်မေးမြန်းခြင်းပြုလုပ်ခဲ့ရာ ပါဝင်ဆွေးနွေးနိုင်သူများအတွက် ကျောင်းသုံးဗလာစာအုပ်များနှင့် စာရေးကိရိယာများကိုတာဝန်ရှိသူများက ဆုချီးမြှင့်ပေးကြသည်။

ထို့နောက် အမှတ်(၄)အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းမှ ပညာ့ဗိမာန်စာကြည့်တိုက်အတွက် မြို့နယ်စာကြည့်တိုက်ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သုတ/ရသ စာအုပ်/စာစောင်များလှူဒါန်းပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးသန့်က လက်ခံရယူခဲ့ပြီးနောက် ကျေး‌ဇူးတင်စကားပြန်လည်ပြောကြားခဲ့ကာ အမှတ်တရဂုဏ်ပြုလက်ဆောင်များ ချီးမြှင့်ပေးခဲ့ပြီးနောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများက ကာယဉာဏစွမ်းရည်ပြိုင်ပွဲများဖြစ်သည့် စကားပုံဆက်ပြိုင်ပွဲ၊ ဉာဏစွမ်းရည်အမေး/အဖြေပြိုင်ပွဲ၊ ခြေလက်ထောက်ပြိုင်ပွဲ၊ ခွက်ကောက်ပြိုင်ပွဲများကိုပြုလုပ်ပေးရာ ပျော်ရွှင်စွာပါဝင်ကစားခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား ဝက်ဝံရုပ်၊ ယုန်ရုပ်၊ ကျောင်းသုံးဗလာစာအုပ်များ၊ ပေတံ၊ ခဲတံ၊ ဘောပင်များချီးမြှင့်ပေးခဲ့ပြီး အဆိုပါဌာနမှ ခင်းကျင်းပြသထားသော ကလေးအလုပ်သမားပ‌ပျောက်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ/ရသစာအုပ်စာစောင်များကိုလည်း ဌာနဆိုင်ရာများနှင့်တာဝန်ရှိသူများ၊ ကျောင်းသား/ကျောင်းသူများက စိတ်ဝင်တစား လေ့လာကြည့်ရှုကြသည်။ အဆိုပါ အသိပညာ‌ပေးဟောပြောပွဲသို့ ဆရာ/ဆရာများ၊ကျောင်းသား၊ ကျောင်းသူ ၂၅၀ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

မင်းသိန်းထွန်း