တပ်ကုန်း ဩဂုတ် ၁၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်အတွင်း လယ်ယာကဏ္ဍဖွံ့ဖြိုးရေးအတွက် ဒေသခံပြည်သူများနှင့်တွေ့ဆုံခြင်းအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကျားသေအိုင်ကျေးရွာ၊ စိုက်ပျိုးစီးပွားအသိပညာပေးစင်တာ(KC)ခန်းမတွင် ကျင်းပသည်။
ထိုတွေ့ဆုံပွဲတွင် စက်မှုလယ်ယာဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးနိုင်ဝင်းက တောင်သူများအနေဖြင့် သီးနှံများရာသီပြည့်စိုက်ပျိုးရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ အချိန်မီထွန်ယက်စိုက်ပျိုးနိုင်ရေး၊ ရိတ်သိမ်းချိန်လေ့လွင့်ဆုံးရှုံးမှုမရှိစေရေးအတွက် ရိတ်သိမ်းခြွေလှေ့စက်၊ လယ်ထွန်စက်၊ ကောက်စိုက်စက်၊ မြေညှိစက်နှင့်လယ်ယာသုံး စက်ကိရိယာပစ္စည်းများလိုအပ်ပါက ကာလပေါက်ဈေးအတိုင်းကူညီဆောင်ရွက်ပေးကြောင်း၊ လယ်ယာသုံးစက်ကိရိယာအတွက် စက်မောင်း၊ စက်ပြင်သင်တန်းများလိုအပ်ပါက သင်တန်းများဖွင့်လှစ်သင်ကြားပေးကြောင်း၊ စနစ်တကျပေါင်းစည်းလယ်ယာများ ဖော်ဆောင်လိုပါကလည်း ငွေကြေးကုန်ကျမှု၏ ထက်ဝက်အကုန်ကျခံနိုင်လျှင် စက်မှုလယ်ယာဦးစီးဌာနမှ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ပေးကြောင်း ဆွေးနွေးပြောကြားခဲ့ပြီးနောက် စက်မှုလယ်ယာဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးနိုင်ဝင်းနှင့်တာဝန်ရှိသူများ ကင်မွန်းတန်းကျေးရွာ၊ ဂါတ်ချိုင်းကျေးရွာများတွင် ဆက်လက်ဆွေးနွေးပြောကြားခဲ့ကြောင်း မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ သိရသည်။
တင်စိုးလွင်