ရွှေပြည်သာမြို့နယ်၌ ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းများ  ဆောင်ရွက်ပေး

ရွှေပြည်သာ ဩဂုတ် ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် အသက်(၂)လမှ (၁)နှစ်ခွဲကလေးငယ်များအား ကျန်းမာသန်စွမ်းစေရန်နှင့်  ရောဂါဘယကင်းရှင်းစေရန်ရည်ရွယ်၍ ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းများကိုလစဥ်ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက အသက်(၂)လမှ (၁)နှစ်ခွဲကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ရွှေပြည်သာမြို့နယ် ပြည်သူ့ဆေးရုံနှင့်စုရပ်အသီးသီးတို့တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ရွှေပြည်သာမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာမြတ်မြတ်နှင်း၏လမ်းညွှန်မှုဖြင့် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ကလေးငယ်များအားအသက်အရွယ်အပိုင်းအခြားအလိုက် ပုံမှန်ကာကွယ်ဆေးများဖြစ်သည့် ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ ဦးနှောက်အမြှေးရောင် ငါးမျိုးစပ်ကာကွယ်ဆေး၊ အသည်းရောင်အသားဝါ(ဘီ)ပိုး ကာကွယ်ဆေး၊ ပိုလီယိုအကြောသေ၊ ဝက်သက်၊ ဂျိုက်သိုး၊ ဝမ်းပျက်ဝမ်းလျှောကာကွယ်ဆေး တိုက်ကျွေးခြင်းတို့အပြင် ကိုယ်ဝန်ဆောင်မိခင်များကိုလည်း မေးခိုင်၊ ဆုံဆို့ကာကွယ်ဆေးများထိုးနှံပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ပေးသည်။

ဆက်လက်၍ ရွှေပြည်သာမြို့နယ်အတွင်းရှိကျန်ရှိနေသော ရပ်ကွက်၊‌ကျေးရွာများမှ ကလေးသူငယ်များကိုလည်း သက်ဆိုင်ရာစုရပ်များတွင်တာ၀န်ရှိသူများနှင့်ပူးပေါင်း၍ ကာကွယ်‌ဆေးများဆက်လက်ထိုးနှံ၊ တိုက်ကျွေးပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

နေမျိုးထွန်း(ပြန်/ဆက်)