ရွှေပြည်သာ ဩဂုတ် ၁၀
ကျောင်းသားလူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဟူသော ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေးနှင့် အနာဂတ်တွင် ထူးချွန်ထက်မြက်သည့် လူငယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု "လူငယ်စကားဝိုင်း" ဆွေးနွေးပွဲနှင့် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ၊ ပုံပြောပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) အ-လ-က(၈) ခန်းမ၌ ဩဂုတ်လ (၇) ရက် နံနက် (၉) နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်(၂) ဦးဝင်းလှိုင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးဝင်းနိုင်က လူငယ်စကားဝိုင်းနှင့် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ဟောပြောကာ မြို့နယ်အားကစားမှူး ဦးဇော်ဇော်လင်းက အားကစားပစ္စည်းများကို ပေးအပ်ရာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) အ-လ-က(၈)မှ တာဝန်ခံကျောင်းအုပ်ဆရာကြီး ဦးနေအောင်လင်းက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကို ကျင်းပရာ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမိုးနှင့် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) အ-လ-က(၈)မှ အထက်တန်းပြဆရာမ ဒေါ်ချိုတို့က ဦးဆောင်ဆွေးနွေးသူများအဖြစ် ဆောင်ရွက်ပြီး အခြေခံပညာအထက်တန်းကျောင်း(ခွဲ) အ-လ-က(၈)မှ ကျောင်းသား၊ ကျောင်းသူ(၆)ဦးက လူငယ်နှင့် စိတ်ခံစားမှု၊ လူငယ်နှင့် မူးယစ်ဆေးဝါး၊ လူငယ်နှင့် ကျန်းမာရေး၊ လူငယ်နှင့် ဖုန်းသုံးစွဲမှု၊ လူငယ်နှင့် အစားအစာ၊ လူငယ်နှင့် ကျန်းမာရေး ဝိုင်းဝန်းစောင့်ရှောက်ပေး ခေါင်းစဥ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည့် မေးခွန်းများကို လည်းပြန်လည်ဖြေကြားဆွေးနွေးခဲ့သည်။
လူငယ်စကားဝိုင်းသို့ မြို့နယ်စီမံခန်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) အ-လ-က(၈)မှ တာဝန်ခံကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၀၀)ဦး တက်ရောက်ခဲ့ပြီး ပြိုင်ပွဲများတွင် ဆုရကျောင်းသား၊ ကျောင်းသူများကို ဆုများ အသီးသီးပေးအပ်ချီးမြှင့်ကာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသော အသိပညာပေး နံရံကပ်စာစောင်များ၊ သုတ၊ ရသ စာအုပ်စာစောင်များကို တက်ရောက်လာသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုကြကြောင်း သိရသည်။
နေမျိုးထွန်း(ပြန်/ဆက်)