တိုက်ကြီးမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ထောက်ပံ့ပေးအပ်

တိုက်ကြီး ဩဂုတ် ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်ရှိ ယာယီနေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ထောက်ပံ့ပေးအပ်ပွဲကို ဩဂုတ် ၇ ရက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်စိုးက တိုက်ကြီးမြို့နယ်အတွင်းသို့ ယာယီရွှေ့ပြောင်းနေထိုင်ကြသူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ လိုအပ်သည့်ထောက်ပံ့ငွေများ ပေးအပ်ရခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်ကယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ထောက်ပံ့ပေးသည့်ထောက်ပံ့ငွေများကို ပြည်သူများလက်ဝယ်အရောက် ရောက်ရှိစေရေး ဆောင်ရွက်ကြရန် ပြောကြားသည်။

ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့်အဖွဲ့ဝင်များက ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် တစ်ဦးလျှင် တစ်လငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် ၂၀၂၅ ခုနှစ်၊ ဧပြီ၊ မေ၊ ဇွန်လ ၃ လစာအတွက် စုစုပေါင်း ငွေကျပ် ၁၄၄၄၂၀၀၀၀ အား ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံ  ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဝတ်ရည် (ပြန်/ဆက်)