မိုင်းဖြတ်မြို့နယ်၌ (၁၃)ကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြော

 မိုင်းဖြတ် ဩဂုတ် ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် (၁၃)ကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲက အခြေခံပညာအထက်တန်းကျောင်း(မိုင်းဖြတ်)ရှိ ရွှေလီဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခြေခံပညာထက်တန်းကျောင်း(မိုင်းဖြတ်)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အမာကြည်က အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်းနှင့်စပ်လျဉ်း၍ အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် မြို့မရဲစခန်းမှ ဒုရဲမှူးချမ်းသာက လူကုန်ကူးမှု၏ အဓိပ္ပာယ်၊ လူကုန်ကူးမှုဆိုင်ရာ ဥပဒေအကြောင်း သိကောင်းစရာများကို ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် ရဲအုပ်မောင်မောင်လွင်က လူကုန်ကူးမှုအန္တရာယ်သည် အချိန်၊ နေရာဒေသမရွေး ဖြစ်နိုင်ကြောင်း၊ လူကုန်ကူးမှုကိုဖြစ်ပေါ်စေသည့် အဓိကအကြောင်းအရာများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ လူကုန်ကူးမှုအန္တရာယ်တာဆီးကာကွယ်ရေး ဆောင်ရွက်ချက်များနှင့် လူကုန်ကူးမှု မဖြစ်စေရေး လိုက်နာရမည့်အချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ဟောပြောပွဲသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိလိုသည့်အချက်များကို မေးမြန်းဆွေးနွေးခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြောင်း သိရသည်။

သန်းထွန်းအေး