မိုင်းရယ် သြဂုတ် ၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီး၍ လူငယ်များနေ့အထိမ်းအမှတ် (အကြို) စာစီစာကုံးပြိုင်ပွဲနှင့် ဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ပြည်သူ့စာကြည့်တိုက်ခန်းမ၌ ပြုလုပ်သည်။
ထိုသို့ ပြုလုပ်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်မာလာက လူငယ်များနေ့အထိမ်းအမှတ် စတင်ဖြစ်ပေါ်လာပုံ၊ လူငယ်များနေ့အထိမ်းအမှတ် လှုပ်ရှားမှုပုံရိပ်များနှင့် လူငယ်များနေ့အဖြစ် သတ်မှတ်ရခြင်းအကြောင်းများကို ဆွေးနွေးဟောပြောခဲ့သည်။
ထို့နောက် အ.ထ.က၊ အ.လ.ကနှင့် မူလွန်(၁)ကျောင်းတို့မှ အခြေခံပညာအလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၅)ဦးတို့က လူငယ်များနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ယှဉ်ပြိုင်ခဲ့ကြသည်။ ယင်းနောက် ကျောင်းသား၊ ကျောင်းသူများက လူထုအခြေပြုဗဟိုဌာန၌ ခင်းကျင်းပြသထားသည့် နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များကို လေ့လာကြည့်ရှုခဲ့ကြသည်။
ကျော်ဇင်ထိုက်