ဆိပ်ကြီးခနောင်တိုမြို့နယ်၌ အခြားတိုင်းဒေသကြီး/ပြည်နယ်များမှ  ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ထောက်ပံ့ငွေပေးအပ်

ဆိပ်ကြီးခနောင်တို သြဂုတ် ၉

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ အခြားတိုင်းဒေသကြီး/ ပြည်နယ်များမှ အကြမ်းဖက်ဖြစ်စဥ်များကြောင့် ယာယီနေရပ်စွန့်ခွာလာသည့် ပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့နေ့လည် ၂ နာရီက ဆိပ်ကြီးခနောင်တိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးမြင့်လှိုင်က ထောက်ပံ့ငွေပေးအပ်ခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားရာတွင် “ထောက်ပံ့ငွေ ပေးအပ်ခြင်းကို လစဥ်ယခုကဲ့သို့ထောက်ပံ့ငွေပေးအပ်သွားမှာဖြစ်ကြောင်း၊ ထောက်ပံ့ငွေပေးအပ်ရာတွင်လည်း သတ်မှတ်အထောက် အထား စာရင်းဇယားများဖြင့် စနစ်တကျ ပေးအပ်သွားမှာ ဖြစ်ကြောင်း”စသည်ဖြင့် ဆွေးနွေးပြောကြားသည်။

ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်လှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများက အခြားတိုင်းဒေသကြီး/ ပြည်နယ်များမှ အကြမ်းဖက်ဖြစ်စဥ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား အမျိုးသား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုရန်ပုံငွေမှ ဧပြီ၊ မေနှင့် ဇွန်လအတွက် တစ်ဦးလျှင် ထောက်ပံ့ငွေ ကျပ်ခြောက်သောင်းနှုန်းဖြင့် ယာယီနေရပ်စွန့်ခွာပြည်သူ ၁၂၆ ဦးအား ထောက်ပံ့ငွေများ အသီးသီး ပေးအပ်ခဲ့ကြောင်း သိရသည်။

ဝေယံ