စစ်တွေ ဩဂုတ် ၈
ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(စစ်တွေ)မှ ဝန်ထမ်းများအား ဆန်၊ စားအုန်းဆီနှင့်အခြေခံ စားကုန်များ၊ သား၊ ငါး၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့၌ပြုလုပ်ရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်အဖွဲ့ဝင်များ ကြည့်ရှုအားပေးကြသည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဈေးဝယ်ရန်ရောက်ရှိလာကြသည့် ဝန်ထမ်းများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ကာ အခြေခံစားသုံးကုန်များနှင့် သား၊ ငါးများ ပြတ်လပ်မှုမရှိစေရေးနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း မရှိစေရေးတို့ကို စိစစ်ကြပ်မတ် ဆောင်ရွက်သွားကြရန် တာဝန်ရှိသူများကို မှာကြားခဲ့သည်။
ဝန်ထမ်းများအား သက်သာသောဈေးနှုန်းဖြင့် ဈေးရောင်းချပေးရာတွင် ဆန်၊ စားအုန်းဆီနှင့်အခြေခံစားသုံးကုန် များဖြစ်သည့် ငါးပိကြော်၊ မာရီယာဘီစကစ်၊ ပဲငံပြာရည်၊ ကြက်ဥ၊ ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်၊ သခွားသီး၊ ပဲတောင့်ရှည်၊ နန်းမြိုင်ကော်ဖီ၊ ရွှေဖီဦး၊ Sunday Milk၊ Lemon Tea၊ ရွှေဖီဦးလက်ဖက်ခြောက်၊ ကြက်သား၊ ဝက်သားနှင့် ငါးမုတ်၊ ငါးကြင်းတို့ကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းဖြစ်သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပသော နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ရန်ပုံငွေဖြင့် ထုတ်ချေး ထားသည့် လုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရရှိထားသည့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေ (၁၀) ဘီလီယံနှင့်ပတ်သက်၍ ကဏ္ဍအလိုက် ထုတ်ချေးထားငွေများ ပြန်လည်ကောက်ခံရရှိမှုအခြေအနေ၊ ကောက်ခံရန်ကျန်ရှိနေမှုအခြေအနေနှင့် ရန်ပုံငွေလက်ကျန် အခြေအနေများနှင့် လုံခြုံရေးအခြေအနေများကြောင့် ထုတ်ချေးထားသောငွေများ ပြန်လည်ကောက်ခံရန်ခက်ခဲ၍ ဆိုင်ငံ့ခွင့်တင်ပြ ထားရှိမှုအခြေအနေများကို တက်ရောက်လာကြသည့် ကော်မတီများမှ သက်ဆိုင်ရာကဏ္ဍအလိုက် တင်ပြဆွေးနွေး နိုင်ရေးအတွက် ကျင်းပခြင်းဖြစ်ကြောင်း၊ ပြည်နယ်အတွက် ရရှိထားသော မတည်ထောက်ပံ့ငွေကျပ် ၁၀ ဘီလီယံကို ပြည်ထောင်စုအစိုးရအဖွဲ့က ထုတ်ပြန်သည့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ မတည်ထောက်ပံ့ငွေဆိုင်ရာ ဘဏ္ဍာရေးလုပ်ထုံး လုပ်နည်းနှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဘဏ္ဍာရေးစည်းမျဉ်းတို့နှင့်အညီ ပြည်နယ်အစိုးရအဖွဲ့ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ရန်ပုံငွေထူထောင်ခြင်း လုပ်ငန်းစီမံကိန်း အကောင်အထည်ဖော်ရေး လက်စွဲစာစောင် (Standard Operation Procedure – SOP) ရေးဆွဲပြီး ကဏ္ဍ(၅) ခုဖြင့် ခွဲဝေပြီးထုတ်ချေးခဲ့ရာ စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေး(အသား) ကဏ္ဍ၊ မွေးမြူရေး(ငါး) ကဏ္ဍ၊ သမဝါယမ၊ အသေးစား အလတ်စားကဏ္ဍ၊ အစိုးရအထူးကိစ္စရပ်ကဏ္ဍများသို့ ထုတ်ချေးပေးခဲ့ရာ စုစုပေါင်း ငွေကျပ် ၆ ဒသမ ၉၁၈၂၅ ဘီလီယံ ထုတ်ချေးထားပြီးဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ မတည်ထောက်ပံ့ငွေများ ထုတ်ချေးပေးရာတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှမတည်ရန်ပုံငွေ ထူထောင်ခြင်းလုပ်ငန်းစီမံကိန်း အကောင်အထည်ဖော်ရေးလက်စွဲစာစောင်(SOP)ရေးဆွဲပြီး လက်စွဲစာစောင်နှင့်အညီ ရန်ပုံငွေထုတ်ချေးမှုများဆောင်ရွက်ခဲ့ကြောင်း၊ သို့သော် ပြည်နယ်၏ နယ်မြေဒေသအခြေအနေများအရ ထုတ်ချေးပေးမှုများကို ခေတ္တဆိုင်းငံ့ထားရှိခဲ့ကြောင်း၊ ကော်မတီများအနေဖြင့် ကဏ္ဍအလိုက် လက်ရှိထုတ်ချေးထားသည့်ငွေများနှင့်ပတ်သက်၍လုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်းရှိ/မရှိနှင့် ထပ်မံ၍လုပ်ငန်းဆောင်ရွက်လိုသူများ ရှိပါကလည်း ထုတ်ချေးပေးနိုင်မည့်အခြေအနေများကို ဆွေးနွေးတင်ပြပေးကြစေလိုကြောင်းနှင့်ကော်မတီများမှ လက်ကျန်ငွေများနှင့် ထုတ်ချေးထားငွေများ ပြန်လည်ကောက်ခံနိုင်ရေးတို့နှင့်ပတ်သက်၍ ဆက်လက်ဆောင်ရွက်နိုင်မည့်အစီအစဉ်များကို သက်ဆိုင်ရာကဏ္ဍအလိုက် ကော်မတီများမှ ဝိုင်းဝန်းဆွေးနွေးပေးကြစေလို ကြောင်းပြောကြားသည်။
ထို့နောက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ရန်ပုံငွေဖြင့် ထုတ်ချေးထားရှိမှု အခြေအနေများကို ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရက ရှင်းလင်းတင်ပြသည်။ ယင်းနောက် ပြည်နယ်အဆင့်စီမံကိန်းကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူးများက စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေး (အသား)ကဏ္ဍ၊ မွေးမြူရေး(ငါး)ကဏ္ဍ၊ သမဝါယမ၊ အသေးစား အလတ်စားလုပ်ငန်းကဏ္ဍ၊ အစိုးရသီးခြား (ဆား)ကဏ္ဍတို့ကို ကဏ္ဍအလိုက် ချေးငွေထုတ်ချေး ထားမှုအခြေအနေများ၊ ကောက်ခံရရှိမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေ အနေများကို ရှင်းလင်းတင်ပြကြသည်။ တင်ပြချက်များအပေါ် ပြည်နယ်အဆင့် စီမံကိန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် Video Conference စနစ်ဖြင့်တက်ရောက်ကြသည့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက ချေးငွေထုတ်ချေးပေးထားမှု၊ ပြန်လည်ထုတ်ချေးပေးနိုင်မည့်အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရမည့် အစီအမံများအား ဖြည့်စွက်အကြံပြုဆွေးနွေးတင်ပြကြသည်။ ဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေးပေးပြီး နိဂုံးချုပ် အမှာစကားပြောကြားခဲ့သည်။
တင်ထွန်း