ဥတ္တရသီရိ ဩဂုတ် ၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်၊ မြို့နယ်များတွင် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအနေဖြင့် တစ်ဦးချင်းစွမ်းဆောင်ရည်မြင့်မားစေရန်နှင့် အရည်အသွေးမြင့်မားစေရန်ရည်ရွယ်ကာ စာကြည့်တိုက်ပညာသင်တန်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါရုံးစာကြည့်တိုက်၌ ဖွင့်လှစ်သင်ကြားပေးခဲ့သည်။
သင်တန်းတွင် နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် ရပ်ကွက်၊ ကျေးရွာ စာကြည့်တိုက်များ ရှင်သန်ခိုင်မာရေးတို့ကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် သင်တန်းကို ဆက်လက်ကျင်းပရာ သင်တန်းနည်းပြများအဖြစ် ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းနှင့် ဒုတိယဦးစီးမှူး ဒေါ်ခင်ချိုအောင်တို့က စာကြည့်တိုက်လုပ်ငန်း စီမံခန့်ခွဲရေးလက်စွဲစာစောင်ပါ စာကြည့်တိုက်ပညာ၊ စာကြည့်တိုက်အမျိုးအစားများ၊ ထူးခြားသည့်ဝိသေသများ၊ စာကြည့်တိုက်လုပ်ငန်းစီမံခန့်ခွဲရေး၊ စာစုလုပ်ငန်း၊ စာပြုလုပ်ငန်း၊ စာရေးသူအခြေခံကတ်ပြားပုံစံ(နမူနာ)၊ စာရေးသူကတ်ပြားများ၊ စာငှားစနစ်၊ စစ်ဆေးခြင်းနှင့် ထိန်းသိမ်းခြင်းလုပ်ငန်း၊ မျိုးတူစုပညာရပ်များနှင့် DLMS ရေးသွင်းခြင်းလုပ်ငန်းများ စသည်တို့ကို သင်တန်းသူ၊ သင်တန်းသားများအား စာတွေ့၊ လက်တွေ့ သင်ကြားပေးခဲ့သည်။
ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ယခုသင်တန်းအပြင် ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားလာစေရန် အထောက်အကူဖြစ်စေမည့် အခြားသင်တန်းများကိုလည်း ဆက်လက်ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)