ဆိပ်ကြီးခနောင်တို သြဂုတ် ၈
မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ဆိပ်ကြီးခနောင်တိုမြို့နယ် ပြည်သူ့ဆေးရုံသို့လှူဒါန်းသည့် အောက်စီဂျင်စက် ထပ်ဆင့်လှူဒါန်းခြင်းကို သြဂုတ် ၆ ရက်နေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမတွင် ပြုလုပ်သည်။
လှူဒါန်းရာတွင် ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ လှူဒါန်းသည့် ငွေကျပ်ဆယ်သိန်းကျော်တန်ဖိုးရှိ Owgels အမျိုးအစားအောက်စီဂျင်စက် (Oxygen Concentrator) စက်တစ်လုံးအား ဆိပ်ကြီးခနောင်တိုမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကုသရေးဦးစီးဌာနမှူး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ သီတာတင်ဝင်းထံသို့ မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဒေါ်သန်းသန်းဌေးမှ ထပ်ဆင့်ပေးအပ်လှူဒါန်းရာ မြို့နယ်ဆရာဝန်ကြီးက လက်ခံရယူပြီး၊ ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ လှူဒါန်းသည့် အဆိုပါအောက်စီဂျင်စက်မှာ အရေးပေါ်အနေဖြင့် လူနာနှစ်ဦး တစ်ပြိုင်နက်တည်း အသုံးပြု၍ ရကြောင်းလည်း သိရသည်။
ဝေယံ (ပြန်/ဆက်)