ဇေယျာသီရိ ဩဂုတ် ၈
ဇေယျာသီရိမြို့နယ်၊ သစ်တပ်ကျေးရွာအုပ်စု၊ ကြို့ပင်ကျေးရွာ၊ ကြို့ပင်စိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းသား ဦးတင်ဦး၏ မိုးစပါးစိုက်ဧက ၁ ဒဿမ ၃၀ ဧကတွင် ထိုင်းနှံကောက်စပါးမျိုးအား မျိုးစေ့ချကိရိယာ(Seeder)ဖြင့် စိုက်ပျိုးဆောင်ရွက်ထားရှိမှု၊ ခေတ်အေးကျေးရွာအုပ်စု၊ မရင်းကြီးကျေးရွာ၊ မရင်းကြီးစိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းသား ဒေါ်ခင်ဝင်း၏ မိုးစပါးစိုက်ဧက ၂ ဒဿမ ၅၀ ဧကနှင့် ဦးတင်ဝင်း၏ ၁ ဒဿမ ၂၅ ဧကတွင် ဆင်းသုခစပါးမျိုးများ စိုက်ပျိုးဆောင်ရွက်ထားရှိတို့အား တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုရာတွင် နေပြည်တော်သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ဆုယဉ်မြင့်က ယခုနှစ်မိုးစပါးစီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မိုးစပါးစိုက်ပျိုးဧကအားလုံး ပန်းတိုင်ရည်မှန်းချက် အထွက်နှုန်းပြည့်မီစေရေးအတွက် ဦးစီးဌာနကြီးကြပ်မှုဖြင့် အသင်းသားတောင်သူက မိမိတို့၏လယ်ယာမြေများ ယခင်နှစ်များထက် စပါးအထွက်နှုန်းပိုမိုတိုးလာစေရန် ပါဝင်ဆောင်ရွက်စေခြင်း၊ အဖျက်ပိုးမွှားများအန္တရာယ်မှ ကာကွယ်နိုင်စေရန် ပေါင်းသတ်ဆေး၊ ပိုးသတ်ဆေးနှင့် မြေဩဇာစသည့် သွင်းအားစုများကို နည်းစနစ်မှန်စွာဖြင့် စံချိန်စံနှုန်းများအတိုင်း အသုံးပြုစေခြင်း၊ ဦးစီးဌာနမှလည်း စဉ်ဆက်မပြတ် ကွင်းဆင်းကြည့်ရှုပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးသွားရန် မှာကြားခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)