ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဟိုပုံးမြို့ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပအိုဝ်းရိုးရာဝတ်စုံ စက်ချုပ်(မွမ်းမံ)သင်တန်းဆင်းပွဲအခမ်းအနား တက်ရောက်

ဟိုပုံး ဩဂုတ် ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှဖွင့်လှစ်သည့် ပအိုဝ်းရိုးရာအမျိုးသမီးဝတ်စုံ စက်ချုပ်နည်းပညာ(မွမ်းမံ)သင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။

ဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ အဖွဲ့ဝင် ဦးနေမျိုးလှိုင်က အမှာစကားပြောကြားရာတွင် ဟိုပုံးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ အသက်မွေးဝမ်းကျောင်းအထောက်အကူဖြစ်စေရန်နှင့် အိုးမကွာအိမ်မကွာဖြင့် မိသားစုဝင်‌ငွေများ ရှာဖွေလာနိုင်စေရန်အတွက် ရည်ရွယ်၍ ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် အသက်မွေးဝမ်းကျောင်းနည်းပညာများသင်ကြားပေးခြင်း၊ ရိုးရာရက်ကန်းနှင့် ယွန်းထည်လုပ်ငန်း အတတ်ပညာဒီပလိုမာအဆင့်သင်ကြားပေးခြင်း၊ မြန်မာ့ရိုးရာလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးရေးဆောင်ရွက်ပေးခြင်း၊ အသေးစားစက်မှုထုတ်ကုန်များ အရည်အသွေးမှန်ကန်မှုနှင့် ဘေးအန္တရာယ်ကင်းရှင်းမှုရှိစေရန် ဓါတ်ခွဲစမ်းသပ်ပေးပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းများကို စနစ်တကျ မှတ်ပုံတင်ပေးခြင်း၊ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ သင်တန်းမှ ထူးချွန်သင်တန်းသူ (၅)ဦးကို သတ်မှတ်ချက်များနှင့်အညီရွေးချယ်ပြီး လုပ်ငန်းထူထောင်နိုင်ရန်လိုအပ်သည့် လုပ်ငန်းသုံးပစ္စည်းတွေကို ပေးအပ်သွားမှာဖြစ်ပါကြောင်း၊ ထို့ကြောင့် စီမံကိန်းလုပ်ငန်း(၁)ခုလျှင် လုပ်ငန်းရှင် (၅)ဦးနှုန်းဖြင့် စီမံကိန်းလုပ်ငန်း(၆)ခုမှာ လုပ်ငန်းရှင်(၃၀)ဦးပေါ်ထွက်လာမှာဖြစ်ပါကြောင်း၊ ပထမအကြိမ်ဖွင့်လှစ်သင်ကြားပေးခဲ့သော အခြေခံစက်ချုပ်နည်းပညာသင်တန်းမှာ အမျိုးသမီးဝတ် ဘလောက်အင်္ကျီ၊ ရင်စေ့၊ ရင်ဖုံး၊ နောက်ကွဲ၊ ကလေးဝတ်ဂါဝန်၊ ကလေးသင်္ဘောသားအင်္ကျီ၊ ဟာဝေယံရှပ်အင်္ကျီ၊ လုံချည်၊ သုံးလွှာစကပ်၊ ချိတ်စကပ်၊ ကလေးဝတ် ဘောင်းဘီစတဲ့ ဘာသာရပ်ပေါင်း(၁၁)မျိုးကို သင်ကြားပိုချပေးခဲ့ပြီး မွမ်းမံသင်တန်းမှာတော့ ပအိုဝ်းရိုးရာအမျိုးသမီးဝတ်စုံကို သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း၊ အသေးစားစက်မှုလုပ်ငန်းများပေါ် ထွက်လာရန် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ နည်းပညာတွေ၊ လုပ်ငန်းအရင်းအနှီးတွေ၊ ပူးပေါင်းကူညီမှုတွေဖြင့် ပေါင်းစပ်ပြီး ဆောင်ရွက်သွားကြပါ၊ သင်ယူတတ်မြောက်ပြီးသည့် ပညာရပ်များကို အကျိုးရှိရှိအသုံးချပြီး မိမိတို့ တစ်ပိုင်တစ်နိုင် လုပ်ငန်းမှစ၍ အောင်မြင်သည့် လုပ်ငန်းရှင်များဖြစ်အောင် ကြိုးစားဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။

ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ အဖွဲ့ဝင် ဦးနေမျိုးလှိုင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်မြတ်ခင်မော်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ပြည့်ဖြိုးအောင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒေသဦးစီးမှူး ဒေါ်လွင်လွင်ဦး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံကိန်းရေးဆွဲရေးဦးစီးဌာန ဒေသဦးစီးမှူး ဒေါ်ချိုချိုရဲဝင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စိုက်ပျိုးရေးဦးစီးဌာန ဒေသဦးစီးမှူး ဒေါ်သက်သက်အေး၊  မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးကိုကိုလင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်အိအိသန်းတို့က သင်တန်းသူများအား ကုန်ချောပစ္စည်းများ အသီးသီးပေးအပ်ခဲ့ကြပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဒေသဦးစီးမှူး ဦးဝင်းကျော်မျိုးက သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည် ပြောကြားရာတွင် “ကျွန်မတို့ ‌ဒေသဖွံ့ဖြိုးတိုးတက်ဖို့ ဒေသခံပြည်သူတွေ အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး ဝင်ငွေတိုးပွားလာစေဖို့  မိသားစုဝင်ငွေတိုးစီမံကိန်းတွေကို ကျွန်မတို့ ဟိုပုံးမြို့နယ်မှာ နှစ်စဉ်ဖွင့်လှစ် သင်ကြားပေးဖို့နှင့် ကျွန်မတို့အနေနဲ့ မိမိတို့တတ်စွမ်းသမျှ သင်ကြားထားတဲ့ပညာရပ်တွေကို ဒေသခံပြည်သူများအတွက် အကျိုးရှိအောင်အသုံးချသွားမှဖြစ်ပါတယ်” ဟုပြောကြားပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးက သင်တန်းသူများနှင့် တွေ့ဆုံ၍ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။  

အဆိုပါ သင်တန်းကို ဇူလိုင်လ(၂၂)ရက်နေ့မှ ဩဂုတ်လ(၅)ရက်နေ့အထိ သင်တန်းသူ(၁၅)ဦးဖြင့် စာတွေ့/ လက်တွေ့ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)