မိုင်းဖြတ် ဩဂုတ် ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင်၂၀၂၅ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ဘာသာတွဲအလိုက်ဖြေဆိုသူ ကျောင်းသား (၂၆) ဦး၊ ကျောင်းသူ (၄၉) ဦး စုစုပေါင်း (၇၅) ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ ၂၀၂၅ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ဇူလိုင်လ၂၇ ရက်က မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာစစ်ဌာနအသီးသီးတွင် ထုတ်ပြန်ကြေညာခဲ့ပြီး မိုင်းဖြတ်စာစစ်ဌာနမှ ကျောင်းသား (၁၀) ဦး ကျောင်းသူ (၂၃) ဦး စုစုပေါင်း (၃၃) ဦး ဖြေဆိုအောင်မြင်ခဲ့၍ (၄၄.၀၀) ရာခိုင်နှုန်းဖြစ်ကြောင်း မြို့နယ်မှတ်တမ်းများအရ သိရသည်။ အဆိုပါအောင်မြင်သူများအနက် ၃ ဘာသာဂုဏ်ထူးရှင်တစ်ဦး၊ ၁ ဘာသာ ဂုဏ်ထူးရှင်တစ်ဦး ထွက်ပေါ်ခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ ဂုဏ်ထူးများဖြင့် ထူးချွန်အောင်မြင်ခဲ့သည့် ကျောင်းသူနှစ်ဦးမှာ အခြေခံပညာအထက်တန်းကျောင်း (ဟိုနား) မှ မမာဂရက်ဂျွန်သည် အမှတ်ပေါင်း (၄၅၃) မှတ်ဖြင့် အင်္ဂလိပ်စာ၊ ရူပဗေဒ၊ ဇီဝဗေဒဘာသာရပ်ဂုဏ်ထူးဖြင့် (သိပ္ပံတွဲ) တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ၌ အဆင့် (၇)၊ မဆုသင်းချိုသည် အမှတ်ပေါင်း (၃၈၉) မှတ်နှင့် (ဝိပ္ပံတွဲ) တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) မှာ အဆင့် (၄) ရရှိခဲ့သူများဖြစ်ကြောင်း သိရသည်။ ထိုကဲသို့ ထူးချွန်စွာ ဖြေဆိုအောင်မြင်ခဲ့သည့်အပေါ် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယခုလိုတွေ့ဆုံမေးမြန်းထားပါတယ်-
မမာဂရက်ဂျွန်- အထက(ဟိုနား)
၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ (Grade-12) လူရည်ချွန်
အင်္ဂလိပ်စာ၊ ရူပဗေဒ၊ ဇီဝဗေဒ ဂုဏ်ထူးရှင်
သမီးနာမည်ကတော့ မမာဂရက်ဂျွန်ပါ၊ အထက (ဟိုနား) ကျောင်းကနေ ၂၀၂၅ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုခဲ့ပြီး ရမှတ်ပေါင်း (၄၅၃) မှတ်ဖြင့် အင်္ဂလိပ်စာ၊ ရူပဗေဒ၊ ဇီဝဗေဒဘာသာရပ်ဂုဏ်ထူးနဲ့ ဖြေဆိုအောင်မြင်ခဲ့ပြီး ရှမ်းပြည်နယ် (အရှေ့ပိုင်း) မှာ (သိပ္ပံတွဲ) နှင့် အဆင့်(၇)ရရှိခဲ့ပါတယ်ရှင်။ အထက (ဟိုနား) မှာ အခြေခံပညာမူလတန်းကနေပြီးတော့ အထက်တန်းအထိ တက်ရောက်ပညာသင်ကြားခဲ့တာပဲဖြစ်ပါတယ်ရှင်။ ယခုလို ထူးချွန်စွာအောင်မြင်ဖို့အတွက် ကြိုးစားခဲ့တာကတော့ နှစ်စကနေ ဖြေဆိုချိန်အထိ ကျန်းမာရေးကိုအထူးဂရုစိုက်ခဲ့ပါတယ်။ ဆရာတွေရဲ့သင်ကြားမှုကို Constrations အပြည့်ထားပြီး အချိန်ဇယားအတိုင်း နေ့စဉ်ပုံမှန်စာလုပ်ဖြစ်ပါတယ်။ အခက်အခဲတွေကတော့ နှစ်စကနေ စာတွေက ကျက်လိုက်မေ့လိုက်ဖြစ်တာနဲ့၊ ကျောင်းပွဲတွေက ဆက်တိုက်နဲ့ဆိုတော့ စိတ်တွေကလည်း လေးလာတယ်။ စာမေးပွဲတွေနီးလာတော့ စာတွေကိုဖြေမှဖြေနိုင်ပါ့ မလားဆိုပြီး ပူပန်စိတ်တွေရှိခဲ့တယ်။ ဒါပေမယ့် ဒီအခက်အခဲတွေအားလုံးကို ကျော်ဖြတ်နိုင်ခဲ့တယ်။ အခက်အခဲတွေကို ကူညီပေးခဲ့တဲ့ ကျောင်းအုပ်ဆရာမကြီးနဲ့တကွ ဆရာ၊ ဆရာမများနဲ့ လိုအပ်ချက်မရှိအောင် အမြဲပံ့ပိုးပေးခဲ့တဲ့ မိဘတွေကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။ ယခုလို အောင်မြင်မှု ရရှိခဲ့တဲ့အပေါ် မိဘနှစ်ပါး၊ ကျောင်းတော်ကြီးနဲ့ ဆရာ၊ဆရာမတွေအပေါ် ကျေးဇူးဆပ်နိုင်ခဲ့လို့ ဝမ်းသာပီတိဖြစ်ရပါတယ်။ သမီးရဲ့ရည်မှန်းချက်ကတော့ ဆေးပညာကို ဆက်လက်လေ့လာပြီးတော့ ဒေသအကျိုးကို ဆောင်ရွက်သွားမယ်လို့ ရည်ရွယ်ထားပါတယ်ရှင်။
မဆုသင်းချို၊ အထက(ဟိုနား)
ဘောဂဗေဒဂုဏ်ထူးရှင်
သမီးနာမည်ကတော့ မဆုသင်းချိုပါ၊ အထက (ဟိုနား) ကျောင်းကနေ တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုခဲ့ပြီး အမှတ်ပေါင်း (၃၈၉) မှတ်ဖြင့် ဘောဂဗေဒဂုဏ်ထူးနဲ့ ဖြေဆိုအောင်မြင်ခဲ့ပြီး ရှမ်းပြည်နယ် (အရှေ့ပိုင်း)မှာ (ဝိပ္ပံတွဲ)၌ အဆင့်(၄)ရရှိခဲ့ပါတယ်ရှင်။ ယခုလိုအောင်မြင်ဖို့အတွက် ပြင်ဆင်ကြိုးစားမှုကတော့ နှစ်စကနေ နှစ်ဆုံးအထိ စာကျက်ဖို့အချိန်ဇယားကို သေချာရေးဆွဲပြီးတော့ ကြိုးစားခဲ့တယ်။ ဘာသာရပ်တွေအပေါ် အားသာချက်၊ အားနဉ်းချက်တွေကို လေ့လာသုံးသပ်တယ်။ အားနည်းတဲ့ဘာသာရပ်တွေကို ပိုပြီးထိထိရောက်ရောက် လုပ်နိုင်သလို အားသာတဲ့ ဘာသာရပ်အပေါ်မှာလဲ လစ်ဟင်းမှုမရှိအောင် ကြိုးစားခဲ့တယ်။ အခက်အခဲအနေနဲ့ ကြီးကြီးမားမားမရှိခဲ့ပေမယ့် စာတွေကို ကျက်လိုက်မေ့လိုက်နဲ့ဆိုတော့ စိတ်ဓာတ်တွေ ကျခဲ့သလို လုပ်မှလုပ်နိုင်ပါ့မလားဆိုပြီးတော့ အတွေးဝင်ခဲ့တယ်။ ဆရာ၊ ဆရာမတွေရဲ့ ကောင်းမွန်တဲ့ သင်ကြားပြသမှုတွေနဲ့အတူ ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုကြောင့် ယခုလိုအောင်မြင်ခဲ့တယ်။ ကျောင်းရဲ့ဂုဏ်ကို ဆောင်နိုင်ခဲ့တဲ့အတွက် ကျောင်းအုပ်ဆရာမကြီးနဲ့တကွ ဆရာ၊ ဆရာမများ၊ မိဘတွေရဲ့ ကျေးဇူးဆပ်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ ရည်မှန်းချက်ကတော့ နည်းပညာတက္ကသိုလ်ကို တက်ရောက်ပြီးတော့ အင်ဂျင်နီယာဖြစ်ဖို့အတွက် ရည်မှန်းထားပါတယ်ရှင်။
ဒေါ်ခင်ခင်စိန်၊ အထက(ဟိုနား)
ကျောင်းအုပ်ဆရာမကြီး
ကျွန်မကတော့ အထက(ဟိုနား)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ခင်စိန်ဖြစ်ပါယ်။ ကျွန်မတာဝန်ထမ်းဆောင်ခဲ့တဲ့ကာလ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှစလို့ တက္ကသိုလ်ဝင်စာမေးပွဲမှာ ဂုဏ်ထူးရှင် (၅)ယောက်ထွက်ခဲ့ပါတယ်။(၂) ဘာသာဂုဏ်ထူးရှင် ၃ ယောက်နဲ့ (၁) ဘာသာဂုဏ်ထူးရှင် နှစ်ယောက် ထွက်ခဲ့တယ်။ ၂၀၂၂-၂၀၂၃မှာ ပြည်နယ်အဆင့် တက္ကသိုလ်ဝင်တန်း ပထမဆုနဲ့လူရည်ချွန်တစ်ဦး၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှာ လူရည်ချွန်၃ဦး၊ ၂၀၂၄-၂၀၂၅ပညာသင်နှစ်မှာ လူရည်ချွန် ၅ ဦးထွက်ခဲ့တဲ့အပြင် မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ ပြည်နယ်အဆင့်တွေမှာလည်း ကျွန်မတို့ကျောင်းကနေ စာပေထူးချွန်ဆုများ အသီးသီးရရှိခဲ့ပါတယ်။ ၂၀၂၅ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာတော့ ကျောင်းသား၊ကျောင်းသူ ၁၃ယောက် ဝက်ရောက်ဖြေဆိုပြီး ၆ယောက်အောင်မြင်ခဲ့ရာမှာ ၃ဘာသာဂုဏ်ထူးရှင် တစ်ဦး၊ ၁ဘာသာဂုဏ်ထူးရှင်တစ်ဦး ထွက်ရှိခဲ့ရာမှာ (၃) ဘာသာဂုဏ်ထူးရှင်က ရှမ်းပြည်နယ်(အရှေ့ပိုင်း) မှာ အဆင့်(၇)နဲ့ (၁)ဘာသာဂုဏ်ထူးရှင်ကတော့ ရှမ်းပြည်နယ် (အရှေ့ပိုင်း) မှာ အဆင့်(၄)ရရှိခဲ့ပါတယ်ရှင်။ ဒီလိုထူးချွန်အောင် သင်ကြားပြသပေးတဲ့ လက်ထောက်ဆရာ၊ဆရာမတွေနဲ့၊ ပံ့ပိုးကူညီပေးကြတဲ့ မိဘတွေ၊ ကျောင်းသား၊ကျောင်းသူတွေကို အထူးကျေးဇူးတင်ရှိပါတယ်။ ဆရာ၊ဆရာမ အားလုံးက ကလေးတွေအားလုံးကိုတန်းတူ ပညာတွေကို မျှဝေသင်ကြားပေးခဲ့တာဖြစ်ပါတယ် အဲ့ဒီထဲကမှ ကြိုးစားအားထုတ်ကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေကတော့ အောင်မြင်မှုကို ရရှိကြတာပါရှင်။ ဒီအတွက် အားလုံးရဲ့ကိုယ်စား ပိုပြီးတော့ ဝမ်းသာပီတိ ဖြစ်ရပါတယ်ရှင်။
ဒေါ်အိသဲမွန်၊ အထက(ဟိုနား)
အထက်တန်းပြ
ကျွန်မကတော့ အထက(ဟိုနား)ကျောင်းမှာ ရူပဗေဒဘာသာရပ်ကို သင်ကြားပို့ချပေးနေတဲ့ အထက်တန်းပြဆရာမ ဒေါ်အိသဲမွန် ဖြစ်ပါတယ်ရှင်။ ကျွန်မရဲ့ သင်ကြားပြသမှုကတော့ ကလေးတစ်ယောက်ချင်းစီမှာရှိတဲ့ အားနည်းချက်၊ ကိုယ်ပိုင်အရည်အချင်းတွေကို လေ့လာဖြည့်စွက်ပြီး သင်ကြားပြသပေးပါတယ်။ ပညာရေးဝန်ကြီးဌာနက ပြဋ္ဌာန်းထားတဲ့ သင်ရိုးညွှန်းတမ်းတွေကို အချိန်မီပြီးပြတ်အောင်သင်ကြားပြီးတော့ အမှတ်ပေးစည်းမျဉ်းတွေကို စနစ်တကျ ရှင်းပြပေးပါတယ်။ ၂၀၂၅-၂၀၂၆ တက္ကသိုလ််ဝင်စာမေးပွဲဖြေဆိုမယ့် ကျောင်းသား၊ကျောင်းသူ တွေကို ပြောချင်တာကတော့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိပြီး ဆရာ၊ဆရာတွေရဲ့ ဆိုဆုံးမမှုတွေ၊ လမ်းညွှန်သင်ကြားပြသမှုတွေကို ဂရုတစိုက်လေ့လာသင်ယူမယ်ဆိုရင် ယခုလို ထူးချွန်စွာအောင်မြင်မှာ ပဲဖြစ်ပါတယ်ရှင်။
ဦးထိန်လင်း၊ အထက(ဟိုနား)
အထက်တန်းပြဆရာ
ကျွန်တော်ကတော့ အထက (ဟိုနား) ကျောင်းမှာ အင်္ဂလိပ်စာဘာသာရပ်ကို သင်ကြားပို့ချပေးနေတဲ့ အထက်တန်းပြဆရာ ဦးထိန်လင်းဖြစ်ပါတယ်ခဗျာ။ သင်ကြားပြမှုအပိုင်းကတော့ ပညာရေးဝန်ကြီးဌာနက ပြဋ္ဌာန်းထားတဲ့ သင်ရိုးညွှန်းတမ်းတွေကို အချိန်မှီပြီးပြတ်အောင်သင်ကြားပြီးတော့ သင်ခန်းစာအလိုက် စာမေးပွဲတွေကို အကြိမ်ကြိမ်ဖြေခိုင်းရပါတယ်။ ဘာသာရပ်တိုင်းမှာ ခက်ခဲတဲ့သင်ခန်းစားတွေကို ကလေးတွေနားလည်လွယ်အောင် ကြိုးစားပြီးတော့ သင်ကြားပေးပါတယ်။ စာသင်ချိန်မှာ ကျောင်းသား၊ကျောင်းသူတွေကို တန်းတူသင်ကြားပေးတဲ့အပေါ်မှာ စာကိုပိုစိတ်ဝင်စားတဲ့ကလေးတွေကတော့ အောင်မြင်မှုကို ပိုပြီးရရှိပြီး စိတ်ဝင်စားမှုမရှိတဲ့ကလေးတွေကတော့ အောင်မြင်မှုကို နည်းနည်းပဲ ရရှိတာပဲဖြစ်ပါတယ်။ ဒါကြောင့်အောင်မြင်မှုကို အတိုင်းအတာ တစ်ခုအထိရရှိခဲ့တဲ့အတွက် ဝမ်းသာဂုဏ်ယူမိပါတယ်။
တွေ့ဆုံမေးမြန်း - ဒေါ်နှင်းနုထွေး(ပြန်/ဆက်)
ဓာတ်ပုံ - သန်းထွန်းအေး(ပြန်/ဆက်)