ကော့မှူး ဩဂုတ် ၈
ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် မြို့ကုန်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း အ.လ.က(မြို့ကုန်း)ကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ်စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၁ နာရီကအ.လ.က (မြို့ကုန်း) ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ အ.လ.က(မြို့ကုန်း)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးမြကြည်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က ယနေ့လူငယ်များအနေဖြင့် ကိုယ်ကျင့်တရားကောင်းမွန်သည့် လူငယ်များဖြစ်ရန်လိုကြောင်း၊ သဘာဝတရားကြီးသည် လူသားအားလုံးအတွက် အချိန်ကိုတန်းတူ ညီမျှပေးထားပြီးဖြစ်ကြောင်း၊ အချိန်ကိုအကျိုးရှိစွာ အသုံးချခြင်းနှင့် အကျိုးမဲ့စွာဖြုန်းတီးခြင်းများကြောင့် သာရလာသည့် ရလဒ်များကွဲပြားခြား နားနေခြင်းဖြစ်ကြောင်း ၊ငယ်ရွယ်နုပျိုမှုသည် နှစ်ခါပြန်မရနိုင်သည့် အခွင့်အရေးပင်ဖြစ်ကြောင်း၊ မည်သည့်အရာကို ရည်မှန်းသည်ဖြစ်စေ ရည်မှန်းချက်ပန်းတိုင်နှင့် အနီးဆုံးအခြေအနေမှာ ရှိနေဖို့အရေးကြီးကြောင်း၊ လူငယ်ဆိုတာစပ်စုလေ့လာသင့်တယ်၊ ရှာဖွေစူးစမ်းပြီး ကိုယ့်အရိပ်ကိုယ်ခိုနိုင်အောင် ကြိုးစား၍ ဗဟုသုတရှာဖွေသင့်ကြောင်း၊ လူတိုင်းမှာ လူငယ်စိတ်၊ လူငယ်အတွေး၊ လူငယ့်ရည်မှန်းချက်၊ လူငယ်ပန်းတိုင်ရှိသင့်ကြောင်းနှင့် လူငယ်များနေ့ဖြစ်ပေါ်လာပုံများစသည့် လူငယ်များနှင့် ပတ်သက်သောအကြောင်းအရာများအား ဟောပြောခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကျောင်သား/ ကျောင်းသူများအား ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး သုတ/ရသစာအုပ်စာစောင်များ၊ အသိပညာပေးနံရံကပ်စာစောင်များ ပြသထားရာ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ စိတ်ပါဝင်စားစွာ လေ့လာနေကြကြောင်း သိရသည်။
ကျော်သူရ