ထန်းတပင် သြဂုတ် ၈
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုဟောပြောပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို သြဂုတ်လ (၆) ရက်နေ့၊ မွန်းလွဲပိုင်းက အမှတ်(၃)ရပ်ကွက်အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ဇော်ထွေးက လူငယ်နှင့်စာဖတ်ခြင်းအကြောင်း အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းဌေးက ကျေးဇူးတင်စကားများ ပြန်လည်၍ ပြောကြားခဲ့သည်။
ဆက်လက်၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် ပုံပြောပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြရာ ပြိုင်ပွဲများသို့ ကျောင်းသား၊ ကျောင်းသူ(၅)ဦးတို့ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း
မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ဇော်ထွေးနှင့် တာဝန်ရှိသူများက အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြင့်ခဲ့ကြကြောင်း သိရသည်။
ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတရသစာအုပ်စာစောင်များကို ကြည့်ရှုလေ့လာခဲ့ကြသလို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား သုတရသစာအုပ်စာစောင်များကို ငှားရမ်းပေးခဲ့ကြကြောင်း သိရသည်။
ဇင်မင်းထိုက်