နေပြည်တော် ဩဂုတ် ၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မူလတန်းကြိုကျောင်းများ ထူထောင်ခွင့်ပြုမိန့်ရရှိရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာဆွေနှင့်တာဝန်ရှိသူများ၊ ECCD. Early Childhood Car & Development ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းကော်မတီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ MOE MYINT (မိုးမြင့်)မူကြိုကျောင်း၊ ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ KIDS ZONE Child Development Centre (ရင်သွေးငယ်များရပ်ဝန်း) မူလတန်းကြိုကျောင်းနှင့် လယ်ဝေးမြို့နယ်အတွင်းရှိ Star(စတား)မူကြိုစသည့် မူလတန်းကြိုကျောင်းများ တည်ထောင်ခွင့်ပြုမိန့် ရရှိနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာဆွေက ကလေးငယ်များအတွက် ဘေးအန္တရာယ်ကင်းရှင်းပြီး သင့်လျော်သော စာသင်ခန်း၊ ကစားကွင်းများ၊ သန့်ရှင်းသော သောက်ရေနှင့် ကောင်းမွန်သော ကျန်းမာရေးစနစ်များထားရှိပေးရန်၊ မူကြိုပညာရေးသည် ကလေးငယ်များ၏ အနာဂတ်ဖွံ့ဖြိုးရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သောကြောင့် ၎င်းတို့၏ အရည်အသွေးကို မြှင့်တင်ဆောင်ရွက်ပေးရန်၊ ကျောင်းသုံးပစ္စည်းများ ပြည့်စုံစွာထောက်ပံ့ပေးရန်နှင့် မိဘများအား ပညာရေးတွင်ပိုမိုပါဝင်လာစေရေး အလေးထားဆောင်ရွက်သွားရန်၊ သင်ကြားရေးနှင့် သင်ယူမှုပတ်ဝန်းကျင်ကောင်းမွန်စေခြင်းဖြင့် ကလေးဗဟိုပြုသင်ခန်းစာများ၊ နည်းပညာနှင့်အညီ ခေတ်မီပညာရေး နည်းစနစ်များကို ကလေးများအရွယ်နှင့် ကိုက်ညီစွာ မိတ်ဆက်သင်ကြားပေးရေးနှင့် ကလေးသူငယ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များအတွက် အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ရေး ညှိနှိုင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အောင်သူရဦး(ပြန်/ဆက်)