အင်းစိန် သြဂုတ် ၈
ရန်ကုန်တိုင်းဒေသကြီး အင်းစိန်ခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အဟာရချက်ပြုတ်သရုပ်ပြပြိုင်ပွဲ ယမန်နေ့ နံနက်ပိုင်းက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ဧရာဝတီခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ခရိုင်ပညာရေးမှူး၊ ခရိုင်ကျန်မာရေးဦးစီးဌာနမှူး၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအသင်းဝင်များ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ခရိုင်ကြက် ခြေနီကြီးကြပ်မှူးကော်မတီအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အသင်းဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြိနယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းအုပ်ကြီးများနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ခင်စန္ဒာအောင်က အမှတ်ပေးစည်းမျဉ်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် ပြိုင်ပွဲဝင်ကျောင်းများဖြစ်သော အ.ထ.က-(၁)(အင်းစိန်)၊ အ.ထ.က-(၆)(အင်းစိန်)၊ အ.ထ.က-(၁၀)လှိုင်သာယာ(အရှေ့)၊ အ.ထ.က-(၁၃)လှိုင်သာယာ(အနောက်)၊ အ.ထ.က(၁၄)လှိုင်သာယာ(အရှေ့)၊ အ.ထ.က-(၈)လှိုင်သာယာ(အနောက်)ကျောင်းများမှ အထက်တန်းကျောင်းသား/ကျောင်းသူ ငါးဦးပါ(၆)ဖွဲ့တို့က အာဟာရချက်ပြုတ်သရုပ်ပြိုင်ပွဲကို နံနက် ၁၀ နာရီတွင် စတင်ခဲ့ပြီး အကဲဖြတ်ဒိုင်များအဖြစ် ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်းရေးအဖွဲ့က ဦးဆောင်သော ဒိုင်အဖွဲ့ဝင်(၅) ဦးတို့က ပြိုင်ပွဲဝင်ထားသည့် ဟင်းလျာများကို စိစစ်အကဲဖြတ်၍ အမှတ်ပေးခဲ့ကြရာ ကျောင်းသား/ကျောင်းသူများ အစားအစာယှဥ်ပြိုင်ချက်ပြုတ်မှုကို ကြည့်ရှုစစ်ဆေး၍ ချက်ပြုတ်ရာတွင် တစ်ကိုယ်ရည် သန့်ရှင်းမှု၊ မီးဖိုချောင်သုံးပစ္စည်းများသန့်ရှင်းမှု၊ ပြင်ဆင်ချက်ပြုတ်ခြင်း၊ ချက်ပြီးအစားအစာများ ခင်းကျင်းပြင်ဆင်ခြင်း၊ အရသာကောင်းမွန်မှု စသည်တို့ကို သတ်မှတ်ထားသည့်အမှတ်ပေးစည်းမျဥ်းနှင့်အညီ အမှတ်ပေးကာ အကောင်းဆုံးယှဥ်ပြိုင် ချက်ပြုတ်နိုင်သည့်အဖွဲ့အား ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် ဂုဏ်ပြုဆုများကို တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါ ဆုရရှိသည့် အကောင်းဆုံးပြင်ဆင်ချက်ပြုတ်နိုင်သည့် အဖွဲ့အနေဖြင့် တိုင်းဒေသကြီးအဆင့် ပြိုင်ပွဲသို့ ဝင်ရောက်ယှဥ်ပြိုင်ရမည်ဖြစ်ကြောင်း သိရှိရသည်။
ထွန်းလင်းကျော် (ပြန်/ဆက်)