၂၀၂၅ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၄)ခရိုင် အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း(အေရိုးဗစ်)ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

အင်းစိန် ဩဂုတ် ၈

၂၀၂၅ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား(၁၄)ခရိုင် အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း(အေရိုးဗစ်)ပြိုင်ပွဲဆုချီးမြှင့်ပွဲ အခမ်းအနားကို ဩဂုတ် ၆ ရက်နေ့ မွန်းလွဲပိုင်းက အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)၊သုဝဏ္ဏတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီး ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီဝင်များ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/ နည်းပြများ၊ အားကစားသမားများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့က (၁၄) ခရိုင်မှ ဆုရရှိခဲ့သည့် အားကစားသမားများက အေရိုးဗစ်သရုပ်ပြသကစားနေမှုအား ကြည့်ရှုအားပေးသည်။

ဆက်လက်၍ ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ အကြီးတန်းတစ်ဦးချင်း စိတ်ကြိုက်ပြိုင်ပွဲ၊ သုံးဦးတွဲပြိုင်ပွဲ၊ အကြီးတန်းကိုးဦးတွဲပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုများရရှိခဲ့ကြသော အားကစားသမားများအား တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများနှင့် တာဝန်ရှိသူများက တစ်ဦးချင်းဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ခဲ့ကြသည်။

ထို့နောက် အကြီးတန်းကိုးဦးတွဲပြိုင်ပွဲတွင် ပထမဆုရရှိသော သင်္ဃန်းကျွန်းခရိုင်အသင်းကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ ဇနီး ဒေါ်မော်မော်သန်းက တစ်ဦးချင်းဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများအားလည်းကောင်း၊ ဆုတံဆိပ်အများဆုံးရရှိသော သင်္ဃန်းကျွန်းခရိုင် အသင်းကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက ဂုဏ်ပြုချီးမြှင့်ငွေများနှင့် တံခွန်စိုက်ဆုဖလားအားလည်းကောင်း ပေးအပ်ခဲ့ကြပြီး ဖျော်ဖြေရေးအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ဇွဲထက်ကို (ပြန်/ဆက်)