နေပြည်တော် ဩဂုတ် ၈
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီ ဇမ္ဗူသီရိခန်းမ၌ ကျင်းပပြုလုပ်သော ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း စိုက်ပျိုးမွေးမြူရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာ စိုက်ပျိုးမွေးမြူရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စဉ်ဆက်မပြတ် အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရေး၊ စိုက်ပျိုးရေးတွင် မျိုး၊ မြေ၊ ရေ၊ နည်း နည်းလမ်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်ရေး၊ သီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ဆည်ရေများအား စနစ်တကျဖြန့်ဝေပေးနိုင်ရေးနှင့် စိုက်ပျိုးရေရရှိရေးအတွက် နည်းလမ်းမျိုးစုံအသုံးပြုဆောင်ရွက်ရေး၊ ဓာတ်မြေဩဇာများအား နိုင်ငံတော်မှ သက်သာသောဈေးနှုန်းဖြင့် ဖြန့်ဝေရာတွင် တောင်သူများ လက်ဝယ်ရောက်ရှိရေးအတွက် စနစ်တကျစီမံဆောင်ရွက်ပေးရေး၊ နေပြည်တော်အတွင်း အသားနှင့် ဥစားသုံးမှု ဖူလုံစေရေးအတွက် နွား၊ ဆိတ်၊ ငါး၊ ဥစားကြက်နှင့် ဥစားဘဲများ တိုးချဲ့မွေးမြူနိုင်ရေး၊ လွှတ်ကြောင်းစနစ်မှ ခြံလှောင်စနစ်သို့ ပြောင်းလဲမွေးမြူနိုင်ရေးနှင့် မျိုးကောင်း၊ မျိုးသန့်များ ရွေးချယ်မွေးမြူနိုင်ရေး၊ တိရစ္ဆာန်အစာ မြက်နှင့် နှံစားပြောင်းတို့ကို ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ် ကျွေးမွေးနိုင်ရေး၊ စိုက်ပျိုးမွေးမြူရေးထွက်ကုန်များဖြင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရေးတို့ကို မှာကြားသည်။
ယင်းနောက် တက်ရောက်လာကြသူများမှ သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးဆွေးနွေး တင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက လိုအပ်သည်များမှာကြားပြီး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ပုဗ္ဗသီရိ မြို့ပတ်လမ်းသို့ သွားရောက်ပြီး လမ်းဘေးရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ပျဉ်းမနားမြို့၊ ပေါင်းလောင်း အားကစားကွင်း၌ ကျင်းပပြုလုပ်သည့် နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အဖွင့်အမှာစကားပြောကြားရာ အားကစား စိတ်ဓာတ်မြင့်မားခြင်းသည် တိုင်းပြည်ချစ်စိတ်ကို ပိုမိုဖြစ်ပေါ်စေပြီး ထိုမှတစ်ဆင့် တိုင်းပြည်ကို ကာကွယ်စောင့်ရှောက် မြှင့်တင်ဆောင်ရွက်ပေးနိုင်မှုကို အထောက်အကူပြုစေမှာဖြစ်ကြောင်း၊ မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲကို ကျင်းပပေးရခြင်း ရည်ရွယ်ချက်များမှာ နေပြည်တော် အမျိုးသမီးဘောလုံးအားကစားအဆင့်အတန်း ပိုမိုမြင့်မားတိုးတက်လာစေရန်၊ အမျိုးသမီးအားကစားသမားအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ပိုမိုရရှိစေရန်၊ နေပြည်တော် အမျိုးသမီးဘောလုံးအသင်း ပြည်နယ်နှင့် တိုင်းဒေသကြီး အမျိုးသမီး ဘောလုံးပြိုင်ပွဲများတွင် အောင်မြင်မှုရရှိစေရန်ရည်ရွယ်ပြီး ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း၊ အားကစားဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး၏ ကျန်းမာကြံ့ခိုင်မှု၊ ဇွဲ၊ လုံ့လ၊ ဝီရိယကြီးမားမှုနှင့် စည်းလုံးညီညွတ်မှုတို့ကို ပေါ်လွင်စေနိုင်ပြီး အားကစားပြိုင်ပွဲများသည် တရားမျှတမှုရှိသည့် စွမ်းရည်ပြ ယှဉ်ပြိုင်မှုများဖြစ်ကြောင်း၊ မြန်မာ့ဘောလုံး အားကစား အဆင့်အတန်း တိုးတက်မြင့်မား လာစေရေး၊ အရှေ့တောင်အာရှနဲ့ အာရှဒေသနယ်ပယ်မှာ အောင်မြင်စွာ ရပ်တည်နိုင်ရေး ပြည်သူတစ်ရပ်လုံး၏ လိုလားချက်ဖြစ်ခြင်းကြောင့် မြန်မာအမျိုးသမီး ဘောလုံးအသင်း အောင်မြင်မှုရရှိနိုင်ရန် အဓိကကျသည့် မျိုးဆက်သစ် အမျိုးသမီးအားကစားသမားများ ပေါ်ထွက်လာရေးအတွက် ယခုလို နေပြည်တော်အတွင်း မြို့နယ်ပေါင်းစုံ အမျိုးသမီး ဘောလုံးပြိုင်ပွဲကို ကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်း၊ နေပြည်တော်အတွင်း အားကစားပြိုင်ပွဲများ စဉ်ဆက်မပြတ် ကျင်းပပေးခြင်းဖြင့် အားကစား အဆင့်အတန်း တိုးတက်မြင့်မားလာစေပြီး ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားပြိုင်ပွဲတွေမှာ အောင်မြင်မှုများ ရရှိလာမှာဖြစ်သလို နိုင်ငံတော်အတွက်အားထားရမည့် မျိုးဆက်သစ် လက်ရွေးစင်အားကစားသမားများကို မွေးထုတ်ပေးနိုင်မှာဖြစ်ကြောင်း၊ ဒေသအတွင်းရှိ ပြည်သူတစ်ရပ်လုံးအားကစားကို စိတ်ဝင်စားလာပြီး မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် ရပ်ကွက်/ကျေးရွာများမှစ၍ မြို့နယ်ပေါင်းစုံ အားကစားပြိုင်ပွဲ များကို စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ယခုကျင်းပပြုလုပ်သည့် မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲမှတစ်ဆင့် ထူးချွန်ထက်မြက်ပြီး အရည်အချင်းရှိသည့် အမျိုးသမီးဘောလုံးသမားများကို နေပြည်တော် ကိုယ်စားပြု ဘောလုံးအသင်းအတွက် စနစ်တကျရွေးချယ်သွားမှာဖြစ်ကြောင်း၊ ဘောလုံးအားကစားနည်းသည် တစ်ဦးကောင်း၊ တစ်ယောက်ကောင်း ယှဉ်ပြိုင်ရသည့် အားကစားနည်းမဟုတ်ပဲ အသင်းလိုက်ယှဉ်ပြိုင်ရသည့် အားကစားနည်းဖြစ်သောကြောင့် တစ်ဦးနှင့်တစ်ဦး အပေးအယူ အချိတ်အဆက်မိမိ၊ နားလည်မှုရှိရှိနှင့် အသင်းလိုက် စုစုစည်းစည်း ညီညီညွတ်ညွတ် ကစားကြရန် မှာကြားလိုကြောင်း၊ ပြိုင်ပွဲဝင် အားကစားသမားများအားလုံး အားကစားစိတ်ဓာတ် အပြည့်အဝနှင့် သန့်သန့်ရှင်းရှင်း ယှဉ်ပြိုင်ကစားကြရန်၊ ပြိုင်ပွဲမှတဆင့် နိုင်ငံတော်က အားထားရမည့် အမျိုးသမီး ဘောလုံးသမားကောင်းများ ဖြစ်လာအောင် ယှဉ်ပြိုင်ကစားသွားကြပါလို့ တိုက်တွန်းမှာကြားရင်း “၂၀၂၅ ခုနှစ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ” ကို ဖွင့်လှစ်ပေးလိုက်သည်။
ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန် (၄) ချက်ကို ရွက်ဆိုကြသည်။ ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြပြီး မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲဖွင့်ပွဲအဖြစ် ဥတ္တရသီရိမြို့နယ်အသင်းနှင့် တပ်ကုန်းမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် ပြည်နယ်နှင့် တိုင်းဒေသကြီး အမျိုးသားဖူဆယ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နေပြည်တော် ကိုယ်စားပြု ဖူဆယ်အားကစားသမားများအား တွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ဥတ္တရ)