တံတားဦး ဩဂုတ် ၈
၂၈-၃-၂၀၂၅ ရက်နေ့က လှုပ်ခတ်ခဲ့သော မန္တလေးမြေငလျင်ကြီးကြောင့် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်အတွင်းရှိငလျင်ဘေးဒဏ်သင့် ပြည်သူများနှင့်ဝန်ထမ်း၊ ဝန်ထမ်းမှီခိုသူများအား မန္တလေးတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ထောက်ပံ့ပေးအပ်သော ထောက်ပံ့ပစ္စည်းများ ဒုတိယအကြိမ် ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက တံတားဦးမြို့ မြို့နယ်ခန်းမ၌ကျင်းပကြောင်းသိရသည်။
အခမ်းအနားတွင် တံတားဦးမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကိုက အမှာစကားပြောကြားရာတွင် ၂၈-၃-၂၀၂၅ ရက်နေ့က လှုပ်ခတ်ခဲ့သော မန္တလေးမြေငလျင်ကြီးသည် ပြည်သူများအတွက် အလွန်ပင်စိတ်မကောင်းဖြစ်မိပါ ကြောင်း၊ ဒါ့အပြင် ပြည်သူများအတွက် နေထိုင်ရေး၊ အစားအသောက်၊ လူသုံးကုန်ပစ္စည်းများရရှိရေးတို့ကိုလည်း အချိန်မီဆောင်ရွက်ပေးခဲ့ပါကြောင်း၊ သန့်ရှင်းသော သောက်သုံးရေရရှိရေးကိုလည်း ကြိုးပမ်းဆောင်ရွက်ပေးခဲ့ပါကြောင်းနှင့် ထောက်ပံ့ပစ္စည်းများကိုလည်း ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးစေလိုကြောင်း အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ တံတားဦးမြို့နယ် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကိုနှင့် တာဝန်ရှိသူများ ၂၈-၃-၂၀၂၅ ရက်နေ့က လှုပ်ခတ်ခဲ့သော မန္တလေးမြေငလျင် ကြီးကြောင့်ငလျင်ဘေးဒဏ်သင့်ပြည်သူများ၊ ဝန်ထမ်းနှင့် ဝန်ထမ်းမှီခိုသူများအတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးပိ(၁)လစာတို့ကို ဒုတိယအကြိမ် ထောက်ပံ့ပစ္စည်းများ ထောက်ပံ့ပေးအပ်ကြသည်။
တံတားဦးမြို့နယ်အနေဖြင့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးပိ(၁)လစာအား ဘေးသင့်ပြည်သူ (၈၇၈၇)ဦး၊ ဝန်ထမ်း(၁၃၁)ဦး၊ ဝန်ထမ်းမှီခို(၄၈၉)ဦး စုစုပေါင်း(၉၄၀၇)ဦးအတွက် ဆန်(၂၉၃၉.၆၉)အိတ်၊ ဆီ (၄၆၅)ပိဿာ၊ ဆား(၁၈၆)ပိဿာ၊ ပဲ(၉၃၀)ပိဿာ၊ ငါးပိ(၉၃)ပိဿာတို့အား ဒုတိယအကြိမ် ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း သိရသည်။
ရဲတင့်(ပြန်/ဆက်)