အမရပူရ သြဂုတ် ၈
အမရပူရမြို့နယ်ရှိ အဆင့်မြင့်ပညာဦးစီးဌာန ရတနာပုံတက္ကသိုလ်တွင် အမှတ်(၂) တက္ကသိုလ်လေ့ကျင့်ရေးတပ် တပ်ဖွဲ့ဝင်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါတက္ကသိုလ်ရှိ အားကစားခန်းမ-၂ ၌ ကျင်းပသည်။
ဦးစွာ အမှတ်(၂)တက္ကသိုလ်လေ့ကျင့်ရေးတပ်၊ တပ်အကြံပေးအဖွဲ့ကောင်စီဥက္ကဋ္ဌ ရတနာပုံ တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာက ဟောပြောပွဲကျင်းပရခြင်း ရည်ရွယ်ချက်တို့ကိုပြောကြားပြီး အမှတ်(၂)တက္ကသိုလ်လေ့ကျင့်ရေးတပ်မှ ဗိုလ်ကြီး ဟန်ဝင်းဇင်က တက္ကသိုလ်လေ့ကျင့်ရေးတပ်များ စတင်ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ စစ်ကြိုခေတ် တက္ကသိုလ်လေ့ကျင့်ရေးတပ်များ ဆောင်ရွက်မှုအခြေအနေ၊ တက္ကသိုလ်လေ့ကျင့်ရေးတပ် ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်၊ တက္ကသိုလ်လေ့ကျင့်ရေးတပ် ဝင်ခွင့်အရည်အချင်းသတ်မှတ်ချက်များ၊ တက္ကသိုလ်လေ့ကျင့်ရေးတပ်များမှ တပ်ဖွဲ့ဝင်များ၏ စစ်မှုထမ်းစည်းမျဉ်းနှင့်ရပိုင်ခွင့်များ သတ်မှတ်ပေးထားမှု၊ တက္ကသိုလ်လေ့ကျင့်ရေးတပ် တိုးချဲ့ဖွင့်လှစ်နိုင်မှုအခြေအနေစသည့် တက္ကသိုလ်လေ့ကျင့်ရေးတပ်ဖွဲ့နှင့်ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်း ပြောကြားသည်။
ဆက်လက်ပြီး တက္ကသိုလ်လေ့ကျင့်ရေးတပ် မိုးရာသီစခန်းချသင်တန်းသို့ တက်ရောက်ခဲ့သည့် ဆရာမ ဒေါ်ထွန်းအိနန္ဒ္ဒာစိုး၊ ကျောင်းသား၊ ကျောင်းသူများက စခန်းချသင်တန်း အတွေ့အကြုံများကို ပြန်လည်ရှင်းလင်းခဲ့ကြသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား ဟောပြောပွဲနှင့်သက်ဆိုင်သည့် မေးခွန်းများကို မြေးမြန်းကာ အဖြေမှန်သူများအာ အမှတ်တရ လက်ဆောက်များ ပေးအပ်သည်။
အခမ်းအနားသို့ အမှတ်(၂)တက္ကသိုလ်လေ့ကျင့်ရေးတပ် တပ်အကြံပေးအဖွဲ့ကောင်စီဥက္ကဌ ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ၊ အမှတ်(၂)တက္ကသိုလ်လေ့ကျင့်ရေးတပ်မှ အရာရှိစစ်သည်တပ်ဖွဲ့ဝင်များ၊ တက္ကသိုလ်လေ့ကျင့်ရေး တပ်ဖွဲ့ဝင်ကျောင်းသားဟောင်းများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။
စိုးသီဟ(အမရ)