ကမာရွတ်ခရိုင်၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပ

ရန်ကုန် သြဂုတ် ၈

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယမန်နေ့ နံနက်ပိုင်းက ကမာရွတ်မြို့နယ်ရှိ လေ့ကျင့်ရေးအထက်တန်းကျောင်း၌ ကျင်းပသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီးဦးဌေးအောင်၊ ရန်ကုန်တိုင်းဒေသကြီးပညာရေးမှူး ဒေါက်တာချိုချိုမြတ်အောင်၊ ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ခင်စောလင်း၊ ကမာရွတ်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ဝေ၊ ကျောင်းအကျိုးတော်ဆောင်နာယက၊ ပြည်ထောင်စုဝန်ကြီး(ငြိမ်း) ဒေါက်တာမြတ်မြတ်အုန်းခင်တို့က ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး အခမ်းအနားတက်ရောက်လာကြသူများက စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် လေ့ကျင့်ရေးအထက်တန်းကျောင်းရှိ ကျောင်းခန်းများတွင် ကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေး စကားပုံဆက်ပြိုင်ပွဲ၊ ရုပ်ပုံဆက်ပြိုင်ပွဲ၊ စာပေဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ ပုဂ္ဂလိကစာအုပ်အရောင်းဆိုင်များနှင့် ချိတ်ဆက်၍ သုတနှင့် ရသ၊ ကာတွန်း၊ ပုံပြင်၊ ဝတ္ထု၊ မဂ္ဂဇင်း၊ ရုပ်ပြအမျိုးမျိုး၊ စာအုပ်ဈေးရောင်းပွဲတွင် ကျေင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာ စာအုပ်စာပေဝယ်ယူလေ့လာဖတ်ရှုနေမှု၊ လူငယ်စာဖတ်ဝိုင်း၊ ပုံပြင်ပြောပြိုင်ပွဲအခြေခံပညာဦးစီးဌာန၏ စာစီစာကုံး၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြခန်း၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ စက္ကူခေါက်ပြိုင်ပွဲ၊‌ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ မြှားပစ်ပြိုင်ပွဲ‌၊ ဘောလုံးဖိပြိုင်ပွဲ၊ ခွက်‌ရွှေ့ပြိုင်ပွဲ၊ ခါးလှည့်ကွင်းပြိုင်ပွဲ၊ အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲ၊ မူလတန်းအဆင့် ကဗျာရွတ်ပြိုင်ပွဲ၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတို့ကို လှည့်လည်ကြည့်ရှုအားပေးကြသည်။

ယင်းနောက် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အခမ်းအနားကို အဆိုပါအထက်တန်းကျောင်းပညာဗိမာန်ခန်းမ၌ ကျင်းပရာအမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက “ပညာဘဏ်တိုက်စာကြည့်တိုက်” သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး လေ့ကျင့်ရေးအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက “မြန်မာ့ကျောင်း” သီချင်းဖြင့် သီဆိုဖျော်ဖြေပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် အလှူငွေများ လှူဒါန်းမှုကို လက်ခံခြင်း၊ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်းနှင့် စာပေဟောပြောမည့် စာရေးဆရာလင်းသိုက်ညွှန့်(မြန်မာ့မြေ)အား ဂုဏ်ပြုလက်ဆောင်ချီးမြှင့်၍ ပထမပိုင်းအခမ်းအနားအစီအစဉ်ပြီးမြောက်ခဲ့သည်။

ဆက်လက်၍ ဒုတိယပိုင်းအနားအစီအစဉ်ကို ကျင်းပရာ လေ့ကျင့်ရေးအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက “မိုးဇာဗျော” သီချင်းဖြင့် ကပြဖျော်ဖြေပြီး စာရေးဆရာ လင်းသိုက်ညွန့်(မြန်မာ့မြေ)နှင့် စာရေးဆရာမပုညခင်တို့က “စာဖတ်ခြင်း၏ အကျိုးကျေးဇူး” ခေါင်းစဉ်ဖြင့် စာပေဟောပြောခြင်း၊ လူငယ်စကားဝိုင်းကျင်းပခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

ယင်းနောက် အမှတ်(၂)အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက “ရတနာပုံ” သီချင်းဖြင့် ကပြဖျော်ဖြေခြင်း၊ လေ့ကျင့်ရေးအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက “အလှကမ္ဘာမြေ” သီချင်း၊ “ဘရဏီ” သီချင်းတို့ဖြင့် ကပြဖျော်ဖြေကြသည်။

ထို့နောက် ပြိုင်ပွဲများတွင် ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ကြပြီး လေ့ကျင့်အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက “ဇာတိမာန်” သီချင်းဖြင့် သီဆိုဖျော်ဖြေကြပြီး ဖျော်ဖြေရေးအဖွဲ့များအား တာဝန်ရှိသူများက ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သိရသည်။

အောင်မြင့် (ပြန်/ဆက်)