ရန်ကုန် ဩဂုတ် ၈
ဆော်ဒီအာရေဗျနိုင်ငံ၊ ရီယာဒ့်မြို့တွင် ဇူလိုင်(၂၅)ရက်နေ့မှ ဩဂုတ်(၃)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် ကမ္ဘာ့အဆင့် Esports World Cup ပြိုင်ပွဲ၏ PUBG Mobile အားကစားနည်းတွင် မြန်မာနိုင်ငံကိုယ်စားပြု YG (Yangon Galacticos) အသင်းမှ အုပ်ချုပ်သူ/နည်းပြ အားကစားသမားစုစုပေါင်းအဖွဲ့ဝင်(၈)ဦး သွားရောက်ယှဉ်ပြိုင်ခဲ့ရာ ချန်ပီယံဆုဖလားဆွတ်ခူးရရှိခဲ့ပြီး ယမန်နေ့ နံနက်(၁၁)နာရီ (၃၀)မိနစ်အချိန်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(ဗဟို)ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံအီလက်ထရောနစ် အားကစားအဖွဲ့ချုပ်နာယက ဦးရဲထွန်းနှင့် ဗဟိုအလုပ်အမှုဆောင်များ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ E sports အဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ မိဘဆွေမျိုးမိတ်သင်္ဂဟများ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားအောင်နိုင်ရေး အထောက်အကူပြုအဖွဲ့ဝင်များ၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) မှ ကျောင်းသား / ကျောင်းသူများနှင့် အားကစားဝါသနာရှင်ပရိသတ်များက အိုးစည်ဒိုးပတ်များဖြင့် သောင်းသောင်းဖြဖြကြိုဆိုခဲ့ကြသည်။
အဆိုပါပြန်လည်ရောက်ရှိလာသည့် နိုင်ငံ့ဂုဏ်ဆောင်ကမ္ဘာ့ချန်ပီယံအသင်းသည် ပြိုင်ပွဲသို့ ကမ္ဘာ့နိုင်ငံပေါင်း(၁၀၀)ကျော်ခန့်မှ လက်ရွေးစင်အသင်းပေါင်း(၁၀၀၀)ကျော်ခန့်ရှိပြီး Professional ကစားသမား(၅၀၀၀)ခန့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ မြန်မာနိုင်ငံကိုယ်စားပြု YG(Yangon Galacticos) အသင်းသည် အိမ်ရှင်ဆော်ဒီအာရေဗျ၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ မွန်ဂိုလီးယား၊ နီပေါ၊ပါကစ္စတန်၊ အိန္ဒိယ၊ မြန်မာ၊ တရုတ်၊ တောင်ကိုရီးယား၊ ဂျပန်၊ တူရကီ၊ အီဂျစ်၊ ဘရာဇီး၊ ဥရောပ စသည့်လက်ရွေးစင်(၁၆)နိုင်ငံမှ ထိပ်သီး(၂၄)သင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ နောက်ဆုံး Grand Final ၌ ထိပ်ဆုံးအဆင့်(၁)နေရာတွင် ရပ်တည်ပြီး အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ရာ၌ E sports World Cup PUBG Mobile ကမ္ဘာ့ချန်ပီယံရွှေတံဆိပ်ဆုကို ရရှိခဲ့ပြီး ဆုကြေးငွေ ဒေါ်လာ ၅၅၀,၀၀၀ ဆုချီးမြှင့်ခြင်းခံခဲ့ရသည်။
ယင်းပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု YG(Yangon Galacticos) အသင်းက ပထမ၊ တရုတ်နိုင်ငံက ဒုတိယ၊ မွန်ဂိုလီးယားနိုင်ငံက တတိယရရှိခဲ့သည်။
မြန်မာ့လက်ရွေးစင်အသင်း PUBG Mobile ပြိုင်ပွဲတွင် ဆုကြေးငွေစုစုပေါင်း အမေရိကန် ဒေါ်လာငါးသိန်းငါးသောင်း၊ ML .Bang Bang အမျိုးသားပြိုင်ပွဲတွင် စုစုပေါင်းဆုကြေးငွေ အမေရိကန်ဒေါ်လာ တစ်သိန်း၊ ML.Bang Bang အမျိုးသမီးပြိုင်ပွဲတွင် အမေရိကန်ဒေါ်လာ ငါးသောင်းအထိ ချီးမြှင့်ခဲ့ကြပြီး ၄င်းပြိုင်ပွဲကို ဆော်ဒီအာရေဗျနိုင်ငံက PUBG Mobile ကဏ္ဍအတွက် အမေရိကန်ဒေါ်လာ(၃)သန်း၊ ML.Bang Bangအမျိုးသားကဏ္ဍအတွက် အမေရိကန်ဒေါ်လာ (၃)သန်း၊ ML.Bang Bang အမျိုးသမီးကဏ္ဍအတွက်အမေရိကန် ဒေါ်လာ(၅)သိန်း၊ စုစုပေါင်း အမေရိကန် ဒေါ်လာ (၆) သန်းခွဲ ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံတွင် Esports အားကစားဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် မြန်မာနိုင်ငံအီလက်ထရောနစ်အားကစားအဖွဲ့ချုပ်ကို ထူထောင်ခဲ့ပြီး ဂုဏ်ထူးဆောင်နာယကများအဖြစ် ဒေါ်နန်းလိုင်းခမ်း၊ ဒေါ်နန်းခမ်းနောင့်နှင့် နာယကအဖြစ် ဦးကောင်းထက်စံတို့က ဦးဆောင်နေကြပြီး မြန်မာနိုင်ငံ အီလက်ထရောနစ် အားကစားအဖွဲ့ချုပ်ကို KBZ Bank နှင့် KBZPay တို့မှ ၂၀၂၀ ခုနှစ်မှ စတင်ကာ ပံ့ပိုးကူညီပေးခဲ့ခြင်းဖြစ်သည်။
အဆိုပါဆော်ဒီအာရေဗျနိုင်ငံတွင် ကျင်းပလျက်ရှိသည့် Esports အားကစားကမ္ဘာ့ဖလား ၂၀၂၅ ပြိုင်ပွဲတွင် Dota 2, Valorant, PUBG Mobile, Mobile Legends အပါအဝင် Esports အမျိုးအစား ၂၅ မျိုးကျော် ထည့်သွင်းကျင်းပနေသည့် အားကစားပြိုင်ပွဲဖြစ်သည်။ အဆိုပါ Esports အားကစားကမ္ဘာ့ဖလား ၂၀၂၅ ပြိုင်ပွဲကြီးတစ်ခုလုံးအတွက် စုစုပေါင်းကုန်ကျငွေ အမေရိကန်ဒေါ်လာသန်း(၆၀)ဖြစ်ပြီး ကမ္ဘာ့အကြီးဆုံးနိုင်ငံတကာ Esports ပြိုင်ပွဲတစ်ခုဖြစ်ကြောင်း သိရှိရသည်။
အောင်မြင့် (ပြန်/ဆက်)