တောင်ကြီးမြို့နယ်တွင် လူငယ်စကားဝိုင်းကျင်းပ

တောင်ကြီး သြဂုတ် ၈

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက် ၁၀ နာရီက မဟော်သဓာမြတ်ပညာကိုယ်ပိုင်ထက်တန်းကျောင်း၊ ဘက်စုံသုံးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းအောင်က လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး မဟော်သဓာမြတ်ပညာ ကိုယ်ပိုင်ထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မြသက်က အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် လူငယ်စကားဝိုင်း ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်မည့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ခင်မေဦးနှင့် ပါဝင်ဆွေးနွေးကြမည့်သူများက တစ်ဦးချင်းမိတ်ဆက်ပြီး လူငယ်စကားဝိုင်းကိုစတင်ရာ Grade-12(A)မှ မောင်ထက်အာကာက “သုံးတတ်ရင်အကျိုး၊ မသုံးတတ်ရင်အန္တရာယ်၊ ဆိုရှယ်မီဒီယာနှင့်လူငယ်”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade - 11(B) မှ မချစ်ခွန်းချိုက “လှုပ်ရှားတဲ့ ခန္ဓာကိုယ်ထဲက တက်ကြွတဲ့စိတ်” ခေါင်းစဉ်ဖြင့် လည်း ကောင်း၊ Grade - 10 (A) မှ စိုင်းမှိုင်းထိန်က “လူငယ်တွေရဲ့တောက်ပတဲ့ အနာဂတ်အတွက် မီးပြ တိုက် သဖွယ်ဖြစ်တဲ့ပညာရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade–12 (A) မှ နန်းအိန္ဒြာစုက “မူးယစ်မီးတောက်များကြားက လူငယ်အနာဂတ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 (A) မှ မကေကေခိုင်ဖြိုးက “လူငယ်စွမ်းအားဖြင့် ယဉ်ကျေးမှုတည်ဆောက်ခြင်း” ‌ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Grade-10 (A) မှ မမွန်မြတ်သုခက “လူငယ်တို့အတွက် တုံ့ပြန်မှုမပေးသော အသံတိတ်အဖော်မွန်” ခေါင်းစဉ်တို့ဖြင့် အသီးသီးဆွေးနွေးခဲ့ကြသည်။

ယင်းနောက် လူငယ်စကားဝိုင်း သို့တက်ရောက်လာကြသည့် ကျောင်းသူ၊ ကျောင်းသား လူငယ်များက သိရှိလိုသည်များကို မေးမြန်းကြရာ သက်ဆိုင်ရာခေါင်းစဉ်အလိုက် ဆွေးနွေးသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော နံရံကပ်စာစောင်များနှင့် သုတ၊ ရသ စာအုပ်များအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။

ကျော်ဇင်(ပြည်နယ်၊ပြန်/ဆက်)