လယ်ဝေး ဩဂုတ် ၈
နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများလိုက်ပါလျက် ရာဇသင်္ဂဟလမ်းဘေး၊ လယ်ဝေးမြို့နယ်၊ ကူသပိတ်ကျေးရွာနှင့် မှန်တောကျေးရွာများရှိ ကုန်ထုတ်လမ်းနှင့် ရေနုတ်မြောင်းများအား ကွင်းဆင်းစစ်ဆေးခဲ့သည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် လယ်ဝေးမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူရနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများလိုက်ပါလျက် ရာဇသင်္ဂလမ်းဘေး၊ ကူသပိတ်ကျေးရွာအနီးရှိ ကွင်းအမှတ် (၁၈၀၆)၊ ကုန်ထုတ်လမ်းပျက်စီးနေမှုအား ပြုပြင်ရန်နှင့် ရေနုတ်မြောင်းရေစီးရေလာကောင်းမွန်စေရေးအတွက် ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာဌာနများက ပြုပြင်ဆောင်ရွက်ပေးမည့်အခြေအနေကို ရှင်းလင်းတင်ပြသည်။ ထို့နောက် နေပြည်တော်ကောင်စီဝင်က ဒေသခံတောင်သူများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် လယ်ဝေးမြို့နယ်၊ မှန်တောကျေးရွာ၊ ကွင်းအမှတ် (၁၈၁၁)အတွင်း ကွင်းဆင်းရာ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကုန်ထုတ်လမ်းဘေးဝဲယာ ရေနုတ်မြောင်းတူးဖော်၍ ငလိုက်လက်ယာလက်တံ၊ ရေနုတ်မြောင်းမကြီးအတွင်း ပိုလျှံရေများနုတ်ထုတ်ရန်အတွက် Box Culvert သုံးစင်းအား မာလကာပင်ရိုးတူးဖော်ပြီးချိန်မှသာ တည်ဆောက်ရန် ဒေသခံတောင်သူများက ဆန္ဒပြုကြောင်း ရှင်းလင်းတင်ပြသည်။ ထို့နောက် နေပြည်တော်ကောင်စီဝင်က ဒေသခံတောင်သူများ၏ တင်ပြချက်များအား သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် မွန်းလွဲပိုင်းတွင် လယ်ဝေးမြို့နယ်၊ ကြို့ပင်ကျေးရွာ၊ ကွင်းအမှတ် ၁၈၁၀ တွင် (Solar System) စိုက်ပျိုးရေး စက်ရေတွင်းဖြင့် စိုက်ပျိုးရေ ရယူသုံးစွဲမည့် တောင်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ သက်ဆိုင်ရာတိုင်းအဆင့် ဌာနဆိုင်ရာများနှင့် တောင်သူများတက်ရောက်သည်။ တွေ့ဆုံပွဲတွင် နေပြည်တော်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ ဦးအောင်သီဟက Solar ဖြင့် စက်ရေတွင်းနှစ်တွင်း ဆောင်ရွက်ထားရှိမှုနှင့် ၂၀၂၅-၂၀၂၆ တွင် ဆောင်ရွက်မည့် ဆိုလာဖြင့် ရေရရှိရေးအစီအမံများ ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ (Solar System) စက်ရေတွင်းဖြင့် စိုက်ပျိုးရေသုံးစွဲနိုင်မည့်အခြေအနေနှင့်ပတ်သက်၍ နေပြည်တော်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ (ရေအရင်းအမြစ်) ဒုတိယညွှန်ကြားရေးမှူး၊ ဦးကျော်ညွန့်က ရေတင်လုပ်ငန်းနှင့် စက်ရေတွင်းများ၏ စိုက်ပျိုးရေပေးဝေနိုင်မှုအခြေအနေများအား ရှင်းလင်းတင်ပြရာတွင် စက်ရေတွင်းတစ်တွင်းလျှင် တစ်နာရီ ရေ (၁၂၀၀၀) ဂါလံထွက်ရှိပြီး တောင်သူ ၁၀ ဦး၏ အကျိုးပြုစိုက်ပျိုးဧက ၂၅ ဧကနှင့် တွင်းနှစ်တွင်း တောင်သူ ၈ ဦး၏ စိုက်ပျိုးမြေ ၂၂ ဒသမ ၆၀ ဧက စိုက်ပျိုးရေရရှိမည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြသည်။
ထို့နောက် တက်ရောက်လာသည့် တောင်သူများမှ လိုအပ်ချက်များ တင်ပြခဲ့မှုအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့နောက် စက်ရေတွင်း မောင်းနှင်ထားရှိမှုနှင့် ရေပေးဝေမှုအခြေအနေအား သွားရောက်ကြည့်ရှုရာ ရေရှည်ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် တောင်သူများဖွဲ့စည်းထားသည့် ရေအသုံးချရေးအဖွဲ့မှ တာဝန်ယူထိန်းသိမ်းစောင့်ရှောက်ရန် သက်ဆိုင်ရာဌာနများနှင့် တောင်သူများသို့ မှာကြားခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)