မြန်မာနိုင်ငံကြက်ခြေနီအသင်းက ဆောင်ရွက်နေသော လူမှုကရုဏာလုပ်ငန်းများတွင် အသုံးပြုရန် အင်ဒိုနီးရှားနိုင်ငံကြက်ခြေနီအသင်း(PMI)မှ အလှူငွေလှူဒါန်း

ရန်ကုန် သြဂုတ် ၈

မြန်မာနိုင်ငံကြက်ခြေနီအသင်းက ဆောင်ရွက်လျက်ရှိသော လူမှုကရုဏာလုပ်ငန်းများတွင် အသုံးပြုရန်အတွက် အင်ဒိုနီးရှားနိုင်ငံသံရုံးမှတဆင့် အင်ဒိုနီးရှားနိုင်ငံကြက်ခြေနီအသင်း(PMI) မှလှူဒါန်းသည့် အလှူငွေလှူဒါန်းပွဲကို ​ယမန်နေ့ နံနက်ပိုင်းက အသင်းရန်ကုန်ရုံးခွဲတွင် ကျင်းပခဲ့သည်။

လှူဒါန်းပွဲတွင် အင်ဒိုနီးရှားနိုင်ငံသံရုံးတာဝန်ခံ H.E. M. Arif Hidayatullah က လှူဒါန်းရခြင်းအကြောင်းကို ရှင်းလင်းပြောကြားပြီး အမေရိကန်ဒေါ်လာတစ်သိန်း ($100,000)ကို လှူဒါန်းခဲ့ရာအသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမျိုးညွန့်က လက်ခံခဲ့ပြီး ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့သည်။

အဆိုပါလှူဒါန်းပွဲသို့ အသင်းဥက္ကဋ္ဌနှင့်အတူ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဒေါ်တင်တင်လေး၊ အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာဇော်ဌေး၊ ဒုတိယဥက္ကဋ္ဌ ဦးတင်မောင်(စန္ဒီပရဆေး)နှင့် တာဝန်ရှိသူများ၊ အသင်းဒုတိယအထွေထွေအတွင်းရေးမှူး၊ လက်ထောက်အထွေထွေအတွင်းရေးမှူးနှင့် ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် ဌာနမှူးများ၊ အင်ဒိုနီးရှားနိုင်ငံသံရုံးမှ သံရုံးတာဝန်ခံနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။