ပင်လုံမြို့ အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ်အကြို လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပ

ပင်လုံ သြဂုတ် ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပင်လုံမြို့ရုံးနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပပြုလုပ်သော “လူငယ်နှင့် Social Media အကြောင်းသိကောင်းစရာ” လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် (၉)နာရီအချိန်တွင် အမှတ် (၂) အခြေခံပညာအလယ်တန်းကျောင်းခွဲ ချင်းတွင်းဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်းခွဲမှ ကျောင်းအုပ်ဆရာကြီး ဦးအောင်မြင့်ကျော်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက လူငယ်စကားဝိုင်းအား လူငယ်များအတတ်ပညာနှင့် ကျင့်ဝတ်တန်ဖိုးမြှင့်တင်ပေးရန်၊ လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတတ်စေရန်၊ စကားပြောစွမ်းရည်များ စကားပြောအတတ်ပညာများ ကျွမ်းကျင်တတ်မြောက်စေရန်၊ လူသူအများ ပရိသတ်အများရှေ့တွင် ရဲဝံ့စွာပြောဆိုဆွေးနွေးတတ်စေရန်၊ စာဖတ်ခြင်း အလေ့အထကောင်းများ ရရှိစေရန်နှင့်စာပေများဖတ်ရှု၍ အသိပညာဗဟုသုတများကို ပြန်လည်မျှဝေ တတ်စေရန်စသည့်  ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ပြောကြား၍ လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးဆောင်ရွက်ပေးမည့် ကျောင်းသူလေးများအား ဖိတ်ခေါ်ကာ လူငယ်စကားဝိုင်းကို စတင်ကျင်းပခဲ့သည်။

ဆွေးနွေးပွဲတွင် ကျောင်းသူလေးများက “လူငယ်နှင့်Social Media အကြောင်းသိကောင်းစရာ” ခေါင်းစဉ်နှင့်ပတ်သက်ပြီး Social Media ကို အသုံးပြုရခြင်း၏ ကောင်းကျိုးများ၊ ဆိုးကျိုးများ၊ လူမူရေး၊ ကျန်းမာရေး၊ နည်းပညာ၊ AI အသုံးပြုမှု၊  တီထွင်နိုင်မှု၊ မိုးလေဝသသတင်းများ၊ သတင်းတု၊ သတင်းမှားများ၊ အသိပညာဗဟုသုတများကို သိရှိစေနိုင်ကြောင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် ပရိသတ်ကျောင်းသား/ကျောင်းသူများမှ အပြန်အလှန်ဆွေးနွေးခဲ့သည်။

ထို့နောက် လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့သည့် ကျောင်းသူ(၅)ဦးအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အိမြတ်နိုးသူ၊ အမှတ် (၂) အခြေခံပညာအလယ်တန်းကျောင်းခွဲမှ ကျောင်းအုပ်ဆရာကြီး ဦးအောင်မြင့်ကျော်နှင့် ကျောင်းအကျိုးတော်ဆောင် ဦးမင်းသူတို့မှ ဂုဏ်ပြုလွှာများနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲအခမ်းအနားသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ စုစုပေါင်း (၂၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)