ကျောက်ပန်းတောင်း ဩဂုတ် ၈
ရန်ကုန်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ ကိုယ်စားလှယ် Mr.Li Qian Gyi နှင့် အဖွဲ့ဝင်များသည် ဩဂုတ် (၇)ရက် မွန်းလွဲ ၁ နာရီက ကျောက်ပန်းတောင်းမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ပညာဂုဏ်ရောင်ဓမ္မာရုံတွင် မြို့နယ်တာဝန်ရှိသူများ အခြေခံပညာ ကျောင်းအုပ်ကြီးများ၊ ကျောင်းသားကျေင်းသူများနှင့်တွေ့ဆုံ၍ ရုံးသုံးပစ္စည်းများနှင့် စာရေးကိရိယာများ ပေးအပ်လှူဒါန်းသည်။
တရုတ်နိုင်ငံသံရုံးမှ ကိုယ်စားလှယ် Mr.Li Qian Gyi နှင့် အဖွဲ့ဝင်များသည် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် သက်ဆိုင်ရာ ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများနှင့် ကျောင်းသား/ကျောင်းသူလေးများက ဧည့်ခံကြိုဆိုခဲ့ကြပြီး ဓမ္မာရုံခန်းမတွင် ကျောင်းသားကျောင်းသူများအား တရုတ်နိုင်ငံဆိုင်ရာ ဉာဏ်စမ်းမေးခွန်းများ မေးမြန်းကာ လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။ ယင်းနောက် အမှတ်(၁)အခြေခံပညာအထက် တန်းကျောင်း၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ မြို့ရှေ့အခြေခံပညာအထက်တန်းကျောင်းနှင့် မြို့မကွက်သစ်(မူလွန်) ကျောင်းများအတွက် ရုံးသုံးပစ္စည်းများ၊ စာအုပ်နှင့် စာရေးကိရိယာများကို သက်ဆိုင်ရာကျောင်းအုပ်ဆရာကြီး/ ဆရာမကြီးများထံ ပေးအပ်သည်။
ယင်းနောက် သံရုံးကိုယ်စားလှယ်နှင့် အဖွဲ့ဝင်များသည် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ မြို့ရှေ့အခြေခံပညာ အထက်တန်းကျောင်းနှင့် မြို့မကွက်သစ် (မူလွန်)ကျောင်းများသို့ သွားရောက်၍ ယခင်လှူဒါန်းထားရှိသည့် ကျောင်းဆောင်များတွင် ပညာသင်ကြားပေးနေမှုအခြေအနေများကို သွားရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)