ရပ်စောက် ဩဂုတ် ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ယမန်နေ့နံနက် ၁၀ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရပ်စောက်၊ ကျောက်စိမ်းခန်းမ၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ယုယုအောင်က လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်ဖြစ်သည့် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ လူငယ်များအနေနှင့် အသိပညာဗဟုသုတများ ပိုမိုတိုးတက်သိမြင်လာစေရန်၊ စကားပြောအတက်ပညာများ ကျွမ်းကျင်တက်မြောက်ပြီး လူအများရှေ့တွင် ရဲဝံ့စွာ စကားပြောဆိုတက်စေရန်၊ လူငယ်အချင်းချင်း တစ်ဦးနှင့်တစ်ဦး ရင်းနှီးခင်မင်ကာ ပူးပေါင်းဆောင်ရွက်နိုင်သော အလေ့အကျင့်ကောင်းများရရှိနိုင်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်းပြောကြားသည်။ ထို့နောက် Grade – 11 မှ မောင်ကောင်းခန့်ဝင်း၊ မောင်ရန်နိုင်မင်းထက်၊ မနှင်းရတနာထွေး၊ မရွှန်းလဲ့ရတီ၊ မဂရေ့ဇယ်နောတို့က လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်နည်းပညာ၊ လူငယ်နှင့်မူးယစ်ဆေး၊ လူငယ်နှင့်စာဖတ်ခြင်း၊ လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး စသည့်ခေါင်းစဉ်များဖြင့် ဦးဆောင်ဆွေးနွေးခဲ့ပြီး လူငယ်စကားဝိုင်းတက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများနှင့် မေးခွန်းများ အပြန်အလှန်မေးမြန်းဖြေဆိုခဲ့ကြပြီး လိုအပ်သည်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက ဖြည့်စွက်ဆွေးနွေးပေးခဲ့သည်။
ဆက်လက်၍ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရန်မျိုးအောင်နှင့် တာဝန်ရှိသူများက လူငယ်စကားဝိုင်းဆွေးနွေးခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများနှင့် အပြန်အလှန်ဆွေးနွေးခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)