ဒေါပုံ ဩဂုတ် ၇
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာ၀န်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ် ၅ ရက်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ဦးစွာ ဒေါပုံမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထူးထက်က ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများအနေဖြင့် ပြောင်းလဲထုတ်ပြန်ထားသည့် နိုင်ငံတော်အဆင့် ဖွဲ့စည်းမှုများကို လေ့လာသိရှိထားကြရန်၊ မကြာမီကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ရွေးကောက်ပွဲနှင့် သတ်ဆိုင်သည့် ဥပဒေဆိုင်ရာများကို သိရှိလေ့လာထားပြီး အများပြည်သူများ သိရှိထားသင့်သည့် အချက်အလက်များကို ရှင်းလင်းဆွေးနွေးပေးနိုင်ရေးတို့အတွက် အလေးထားဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားခဲ့ပါသည်။ ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့၀င်များက မြို့နယ်အတွင်းလုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ပါသည်။
ဆက်လက်၍ အစည်းအဝေးသို့တက်ရောက်လာကြသည့် ဌာနဆိုင်ရာအသီးသီးမှ တာ၀န်ရှိသူများက ဌာနအလိုက်လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ တင်ပြခဲ့ကြပြီး ဌာနဆိုင်ရာအချင်းချင်း ပေါင်းစပ်ဆောင်ရွက်ကြရမည့် လုပ်ငန်းများကို ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ရပ်ကွက်အတွင်းလိုအပ်သည့် လိုအပ်ချက်များအား တင်ပြဆွေးနွေးခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထူးထက်နှင့်အဖွဲ့၀င်များ၊ သက်ဆိုင်ရာဌာနများက လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ချစ်စုဝေ (ပြန်/ဆက်)