တာချီလိတ် ဩဂုတ် ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာနှင့် လူကုန်ကူးမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်းကို ယနေ့နံနက်ပိုင်းက အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်ဥပဒေအရာရှိ ဦးဇော်လွင်က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေများ၊ ကလေးသူငယ် ရပိုင်ခွင့်နှင့် အခြေခံမူ (၄)ရပ်၊ ကလေးသူငယ်လိင်အလွဲသုံးမှုအကြောင်းအရာများကို ရှင်းလင်းဟောပြောပြီး ခရိုင်လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ ရဲမှူး စိုးမင်းက အင်တာနက်အသုံးပြု၍ အွန်လိုင်းမှတဆင့် လောင်းကစားမှု၊ လူမှုကွန်ရက်များမှ သွေးဆောင်မှု၊ လိမ်လည်မှုများကြောင့် လူမှုရေး၊ စီးပွားရေးကိစ္စရပ်များတွင် သတိပြုဆင်ခြင်နိုင်စေရန် ဆက်သွယ်ရေး လိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာများကို video Clip နှင့်တကွ အသိပညာပေး ဟောပြောသည်။
ထို့နောက် လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ ရဲအုပ် ကျော်မင်းနိုင်က လူကုန်ကူးခံရခြင်း၏ အဓိက အကြောင်းအရာများ၊ လူကုန်ကူးခံရသူများ၏ စိတ်အခြေအနေများ၊ လူကုန်ကူး ခံရသူများအပေါ် လုပ်အားခခေါင်းပုံဖြတ်မှုများ၊ လူကုန်ကူးခံရပါက ဆက်သွယ်တိုင်ကြားနိုင်သည့် နည်းလမ်းများ၊ ပြစ်မှု၊ ပြစ်ဒဏ်များ၊ ဆောင်ရန်/ရှောင်ရန် အချက်များကို ရှင်းလင်းဟောပြောပြီး လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးသည်။
အဆိုပါ ဟောပြောပွဲသို့ ခရိုင်ဥပဒေအရာရှိ ဦးဇော်လွင်၊ ခရိုင်လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ ရဲမှူး စိုးမင်းနှင့် တာဝန်ရှိသူများ၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ယဉ်ယဉ်ထွေးနှင့် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ် သင်တန်းအမှတ်စဉ် (၈) မှ သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)