မိုင်းပျဉ်းမြို့နယ်၌ မိုင်းပျဉ်း-မက်မန်းလမ်း တောင်ပြိုမှုအား ရှင်းလင်းပြီးစီး၍ ပုံမှန်ပြန်လည် ဖြတ်သန်းသွားလာနိုင်

မိုင်းပျဉ်း ဩဂုတ် ၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၊ မိုင်းပျဉ်း−မက်မန်းလမ်းပေါ်တွင် တောင်ပြိုကျမှုအား ၂၀၂၅ ခုနှစ် ယနေ့မွန်းလွဲ (၁) နာရီအချိန်က ရှင်းလင်း‌ဆောင်ရွက်ပြီးကြောင်း သိရှိရသည်။

အဆိုပါ မိုင်းပျဉ်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် သြဂုတ်လ (၅)ရက်နေ့မှစတင်၍ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လမ်းဦးစီးဌာန၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်မှ တာဝန်ယူဆောင်ရွက်လျက်ရှိသော မိုင်းပျဉ်း−မက်မန်းလမ်း (မိုင်းပျဉ်းမြို့နယ်အပိုင်း)တွင် ယနေ့နံနက်(၈)နာရီ အချိန်ခန့်က မိုင်(၁၇/၆.၁၇/၇) (ယန်းဟိုင်းရွာနှင့် ဝမ်တာခက်ရွာကြား)၊ အလျား(၇၀ပေ)၊ အကျယ်(၃၀)ပေ၊ အမြင့် (၃၅)ပေ တောင်ပြိုမှုဖြစ်ပွားခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့မှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သွားရောက်ကွင်းဆင်းကြည့်ရှုခဲ့ကြပြီး၊ လမ်းဦးစီးဌာနမှ ဦးစီးအရာရှိ(မြို့ပြ) ဦးဆောင်မှုဖြင့် တောင်ပြိုမြေသားများအား အမြန်ဖယ်ရှားရှင်း ဆောင်ရွက်ခဲ့ကြရာ ယနေ့မွန်းလွဲ(၁)နာရီတွင် ပြီးစီးပြီဖြစ်၍ ပုံမှန်ယာဉ်များ ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း  သတင်းရရှိသည်။

နန်းသန္တာဦး(ပြန်/ဆက်)