လင်းခေး သြဂုတ် ၇
အမြင်ဖလှယ်ခြင်းနှင့်တွေးခေါ်စဥ်းစားနိုင်မှုတိုးတက်လာစေရန်၊ မိမိကိုယ်ကိုယုံကြည်မှုမြင့်မားလာစေရန်၊ ခေါင်းဆောင်မှုစွမ်းရည်ဖွံ့ဖြိုးလာစေရန်ရည်ရွယ်ချက်အားဖြင့် ၂၀၂၅ခုနှစ် သြဂုတ်လ(၁၂)ရက်နေ့၌ ကျရောက်မည့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အကြို “လူငယ်စကား ဝိုင်း” အခမ်းအနားကို သြဂုတ်လ ၅ ရက် နံနက် ၁၀ နာရီက လင်းခေးမြို့အခြေခံပညာအထက်တန်းကျောင်း ပတ္တမြားခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ လူငယ်စကားဝိုင်းမကျင်းပမီ လင်းခေးမြို့အခြေခံပညာအထက်တန်းကျောင်း အုပ်ဆရာမကြီး ဒေါ်နန်းခမ်းအောင်က အဖွင့်အမှာစကားပြောကြားပြီး၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ် နန်းမျိုးဆောင်းကျော်က လူငယ်စကားဝိုင်းကျင်းပရခြင်း၏ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပေးခဲ့ပါ သည်။
ယင်းနောက် လူငယ်စကားဝိုင်း စတင်ကျင်းပရာ၊ Grade-11 မှ မောင်ဖိုးချိုက “လူငယ်နှင့်ကျန်းမာရေး”၊ Grade-10 မှ မဆုနန္ဒာအောင် က “လူငယ်နှင့်အောင်မြင်ရေး”၊ Grade-11မှ မောင်ပြည့် ဖြိုးကျော်က “လူငယ်နှင့်စာပေ”၊ Grade-10 မှ မောင်အောင်သာမိုးဦးက လူငယ်နှင့်ယဥ်ကျေးမှုအကြောင်းနှင့် Grade-11 ကျောင်းသူ မဆောင်းနှင်းဝေက “လူငယ်နှင့် စာဖတ်ခြင်း” ခေါင်းစဥ်အသီးသီးဖြင့်ဆွေးနွေးခြင်း၊ ဆွေးနွေးသူနှင့်တက်ရောက်လာသူ ကျောင်းသား/ကျောင်းသူများ အပြန်အလှန်မေးမြန်းဖြေကြားခြင်းတို့ ဆောင်ရွက်ခဲ့ကြပါသည်။
လူငယ်စကားဝိုင်းအပြီး၊ ပါဝင်ဆွေးနွေးခဲ့ကြသူများအား လင်းခေးမြို့မရဲစခန်း၊ စခန်းမှူးနှင့်ခရိုင်ပြန်/ဆက်ဦးစီးအရာရှိတို့က အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ကြကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်