ကျောက်ဆည် ဩဂုတ် ၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်များရှင်သန်ဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီခွဲက အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ မုန့်ပေါင်းကျေးရွာ “အလင်းသစ်” စာကြည့်တိုက်၌ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတဖွံ့ဖြိုးတိုးတက်စေရန်၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိလာပြီး စာကြည့် တိုက်နှင့်ရင်းနှီးကျွမ်းဝင်လာစေရန် ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲ၊ ပုံပြော၊ ကဗျာရွတ်ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲတွင် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ခင်နှင်းရီက စာပေဖတ်ရှုခြင်းဖြင့် ရရှိလာသည့် ဗဟုသတများသည် အဖိုးမဖြတ်နိုင်သောကြောင့် စာအုပ်စာစောင်များကို အချိန်ရသည့်အချိန်တွင်ဖတ်ရှုသွားကြရန်နှင့် စာကြည့်တိုက်နှင့်ရင်းနှီးလာပြီး စာအုပ်များလာရောက်ဖတ်ရှုလိုသည့်အတွက် အသိပညာပေးဟောပြောပွဲ ပြုလုပ်ပေးရခြင်း အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် ပုံပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများပြုလုပ်ခဲ့ရာ မုံပေါင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း Grade-5 တန်းမှ ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲအပြီးတွင် ဦးစီးအရာရှိဒေါ်ခင်နှင်းရီက အမှတ်တရလက်ဆောင်များပေးဝေခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)