ပင်းတယ ဩဂုတ် ၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် တောင်ပေါ်ကြီးကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့ နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ပူးပေါင်းပြီး စာဖတ်ရှိန်မြှင့်တင်ရေးအတွက် လူငယ်စကားဝိုင်းနှင့် အသိပညာပေးဟောပြောပွဲကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး ပင်းတယမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြူကြူလှိုင်နှင့် ဒုတိယမြို့နယ်ပညာရေးမှူးတို့က လူငယ်စကားဝိုင်းကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်ပြီး အသီးသီး အမှာစကားပြောကြားပေးသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲအား ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး(ပင်းတယ)မှ ဒုတိယဦးစီးမှူး ဒေါ်ခိုင်ကြည်ဝင်းက ဦးဆောင်ဆွေးနွေးသူအဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပြီး တောင်ပေါ်ကြီးကျေးရွာအခြေခံပညာအထက်တန်းကျောင်းမှ Grade -10၊ Grade - 11နှင့် Grade - 12 ကျောင်းသား/ကျောင်းသူများက “လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့်မူးယစ်ဆေးဝါး၊ လူငယ်နှင့်အောင်မြင်ခြင်း၊ လူငယ်နှင့်နည်းပညာ၊ လူငယ်နှင့်ကိုယ့်ကျင့်တရားနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး" အစရှိသည့် ခေါင်းစဉ်များဖြင့် ပါဝင်ဆွေးနွေးခဲ့ကြပြီး အခမ်းအနားသို့ တက်ရောက်လာကြသော ကျောင်းသား/ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြသည်။
ယင်းနောက် မွန်းလွဲပိုင်းတွင် လူငယ်အသိပညာပေးဟောပြောပွဲကိုပြုလုပ်ခဲ့ရာ သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် အသိပညာပေးဟောပြောပေးခဲ့ကြပြီး "အပြည်ပြည်ဆိုင်ရာလူငယ်များနေ့" အကြိုအသိပညာပေးကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး(ပင်းတယ)က လက်ထောက်ညွှန်ကြားရေးမှူးက ဆွေးနွေးပြောကြားပေးခဲ့ကြောင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး(ပင်းတယ)မှ စာအုပ်စာစောင်များ၊ အသိပညာပေးနံရံကပ်စာစောင်တို့ကို ပြသဆောင်ရွက်ပေးခဲ့ရာ ကျောင်းသား/ကျောင်းသူများက စိတ်ဝင်တစား လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)