ပေါင် ဩဂုတ် ၇
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း၊ ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် တာဝန်ရှိသူများသည် ဩဂုတ် ၃ ရက် နံနက်ပိုင်းတွင် ပေါင်မြို့နယ်၊ ကဒုံစီးတိုက်ကျောင်း၊ ပညာဓိကဗိမာန်၌ ကျင်းပပြုလုပ်သည့် ပေါင်မြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအား အလှူငွေပေးအပ်ခြင်းနှင့် ပစ္စည်းများ ချီးမြှင့်ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် ကျိုက်ထီးဆောင်းဆံတော်ရှင် ဘုရားကြီးကျောင်းတိုက် ဦးစီးပဓာနနာယကဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တနာဂဒီပနှင့် ဆရာတော်ကြီးများအားဖူးမျှော်၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ဆရာတော်ကြီးများထံမှ ဩဝါဒစကားခံယူပါသည်။
ယင်းနောက် ပေါင်မြို့နယ် လေဘေးသင့်ပြည်သူများအတွက် ကျိုက်ထီးဆောင်းဆရာတော်ကြီးကလှူဒါန်းသော လှူဒါန်းပစ္စည်းတန်ဖိုးကျပ် ၉၅,၉၃၄,၀၀၀ နှင့် ငွေကျပ်သိန်း ၃၀၀ စုစုပေါင်းလှူဒါန်းငွေကျပ် ၁၂၅,၉၃၄,၀၀၀ အား ပြည်ထောင်စုဝန်ကြီးကလည်းကောင်း၊ အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဦးလှထွန်း(ကိုလှထွန်းငရုတ်သီးမှုန့်လုပ်ငန်းမိသားစု)က လှူဒါန်းငွေကျပ်သိန်း ၅၀၀ နှင့် ဦးတင်လှိုင်(ကျော်ကြားအိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးမိသားစု)က လှူဒါန်းငွေကျပ် ၂၄၆ သိန်းအား ပြည်နယ်ဝန်ကြီးချုပ်ကလည်းကောင်း အသီးသီးလက်ခံရယူကြသည်။
ဆက်လက်၍ ပေါင်မြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအတွက် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက လှူဒါန်းပစ္စည်းများနှင့် လုံးဝပျက်စီးနေအိမ် ၁၂၅ လုံးအတွက် မွန်ပြည်နယ်အစိုးရအဖွဲ့က ထောက်ပံ့ငွေကျပ် ၆၂.၅ သန်းအား ပြည်ထောင်စုဝန်ကြီးကလည်းကောင်း၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် ၁၆၀ လုံးအတွက် မွန်ပြည်နယ်အစိုးရအဖွဲ့ကထောက်ပံ့ငွေကျပ် ၄၈ သန်းအား ပြည်နယ်ဝန်ကြီးချုပ်ကလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ပြီး လေဘေးသင့်ပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်တို့သည် ပေါင်မြို့ပေါ်ရပ်ကွက်များအတွင်း လေပြင်းတိုက်ခက်မှုကြောင့် သာသနိအဆောက်အအုံအချို့နှင့် လူနေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့မှုများအား လှည့်လည်ကြည့်ရှုပြီး ထိခိုက်ပျက်စီးများအား အမြန်ပြန်လည်ပြုပြင်ဆောင်ရွက်နိုင်ရေး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မွန်မလေး (ပြန်/ဆက်)