မြစ်ကြီးနား သြဂုတ် ၇
ကချင်ပြည်နယ်အတွင်း နိုင်ငံတော်မှ ခွဲဝေချထားပေးသည့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကျပ် (၈)ဘီလီယံကို ဒေသတွင်း ကိုဗစ်-၁၉ ကြောင့်ထိခိုက်ခဲ့ရသည့် စီးပွားရေးလုပ်ငန်းများ ပြန်လည် ကုစားပေးနိုင်ရေးနှင့် နိုင်ငံ့စီးပွားတိုးတက်မြင့်မားရေးအတွက် စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ် မှုလုပ်ငန်းများတွင် ရင်းနှီးမတည်ဆောင်ရွက်ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့ညနေ ၃ နာရီက တာဝန်ရှိသူများနှင့်အတူ ကချင်ပြည်နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကြီးကြပ်မှုကော်မတီအစည်းအဝေးသို့ တက်ရောက်ကြကြောင်း သိရသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ပထမနှစ်စက်ဝန်းနှင့် ဒုတိယနှစ်စက်ဝန်းကို အောင်မြင်အောင် ကြိုးပမ်းလည်ပတ်ဆောင်ရွက်ခဲ့ပါကြောင်း၊ ယနေ့ နိုင်ငံ့ စီးပွားမြှင့်တင်ရေးရန်ပုံငွေ တတိယနှစ်စက်ဝန်းဖြင့် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများအတွက် ရန်ပုံငွေ ထုတ်ချေးပေးနိုင်မှု၊ အတိုး၊ အရင်းရငွေများ ကောက်ခံရရှိမှု အခြေအနေများကို လုပ်ငန်း လက်ဆွဲ စာစောင်ပါ လုပ်ငန်းစဉ်များအတိုင်း စနစ်တကျ အလေးအနက်ထား၍ ငွေစာရင်းရှင်းတမ်းများကို လည်း စာရင်းစစ်ခံနိုင်ရေး ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ပါကြောင်း၊ ယခုထက်ပိုမိုပြည်သူများ အကျိုးစီးပွားဘဝတိုးတက်စေရန် အားလုံးဝိုင်းဝန်းကြိုးစားကြရန်လိုကြောင်း တိုက်တွန်းမှာကြား သည်။
ထို့နောက် ပြည်နယ်စီးပွားရေးရာဝန်ကြီးဦးမျိုးဆွေက နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမတည် ငွေခွဲဝေချထားပေးမှုများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင် ပြည် နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက သက်ဆိုင်ရာခရိုင်/ မြို့နယ်များအလိုက် စိုက်ပျိုးမွေးမြူရေးနှင့် သမဝါယမလုပ်ငန်းများအတွက် ရန်ပုံငွေများ ထုတ်ချေး ပေးထားမှုများနှင့် ကဏ္ဍအလိုက် အတိုး/ အရင်းကောက်ခံရရှိမှု အခြေအနေများကို အသီးသီးတင်ပြ ဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က ပြည်သူများ အကျိုးစီးပွားဖြစ်ထွန်းမြန်စေရေး ရန်ပုံငွေများကို စနစ်တကျစီမံခန့်ခွဲကြရေးနှင့် လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြသည်။
ကချင်ပြည်နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေတတိယနှစ်စက်ဝန်းဖြင့် မြစ်ကြီးနား၊ တနိုင်း၊ မိုးညှင်း၊ ပူတာအိုခရိုင်များတွင် စိုက်ပျိုးရေးလုပ်ငန်းအတွက် လုပ်ငန်းစီမံကိန်းယူနစ် (၅၁) ယူနစ် အတွက် ရန်ပုံငွေကျပ်သန်း (၂၅၃၀ ဒဿမ ၂၀)၊ မွေးမြူရေးလုပ်ငန်းတွင် စီမံကိန်းယူနစ် (၁၆) ယူနစ်အတွက် ကျပ်သန်း (၈၀၈)သန်း၊ ငါးလုပ်ငန်းတွင် ယူနစ် (၁၅)ယူနစ်အတွက် ငွေကျပ်သန်း (၈၀၆) သန်း၊ သမဝါယမလုပ်ငန်း ယူနစ်(၅၈)ယူနစ်အတွက် ငွေကျပ်(၁၈၈၅ ဒဿမ ၄၀)သန်းဖြင့် စုစုပေါင်းငွေကျပ် (၆၀၂၉ ဒဿမ ၆၀)သန်းကို ချထားပေးကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)