ပင်းတယ ဩဂုတ် ၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ဇူလိုင်လ ၂၅ ရက်မှ ၂၈ ရက်နေ့အထိ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး စိုက်ပျိုးမြေများ၊ လမ်းတံတားများ ရေကြီးနစ်မြုပ်ခဲ့ရာ စိုက်ပျိုးမြေများတွင် အချိန်မီပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်နေမှုကို ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့်ဆပ်စပ်သည့် သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများလိုက်ပါ၍ ယမန်နေ့ မွန်းလွဲပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းနှင့် ကျေးရွာနေပြည်သူများနှင့် လူထုတွေ့ဆုံပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သိမ်ကုန်းကျေးရွာအုပ်စု၊ အုံအက်ကျေးရွာအတွင်း လယ်ယာမြေများပျက်စီးမှုအခြေအနေများကို သွားရောက်ကြည့်ရှုကာ စိုက်ပျိုးမြေများ အချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရန်အတွက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် ရေနုတ်မြောင်းများ တူးဖော်နေမှုကို သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ ပန်းစစ်ကျေးရွာဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ခဲ့ပြီး ကျေးရွာနေပြည်သူလူထုများနှင့်တွေ့ဆုံကာ ကျေးရွာနေပြည်သူများအား ယခုရက်ပိုင်းအတွင်း သဘာဝဘေးဖြစ်ပေါ်ခဲ့ရသည့်အခြေအနေနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပေးပြီး ကျေးရွာနေမိဘပြည်သူတို့၏ လိုအပ်ချက်များအား မိမိတို့အနေနှင့် သိရှိနားလည်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်ပေးလျက်ရှိပါကြောင်း စသည်ဖြင့် ပြောကြားသည်။ ထို့နောက် ဒေသခံပြည်သူများက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို ဆွေးနွေးတင်ပြခဲ့ကြရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌက သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ပန်းစစ်ကျေးရွာလမ်း မြေထိန်းနံရံပြန်လည်ပြုပြင်နိုင်ရန်အတွက် ဘိလပ်မြေအလုံး (၂၀၀)နှင့် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ကြောင်း သိရသည်။
ယင်းနောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက မဲနယ်တောင်ဘုန်းတော်ကြီးသို့သွားရောက်ပြီး ရွာငံမြို့နယ် အလယ်ချောင်ကျေးရွာအုပ်စု၊ ညောင်ခြေထောက်ကျေးရွာမှ လူနေအိမ်အချို့ ပျက်စီးမှုဖြစ်ပွားခဲ့သည့် ကျေးရွာသူ/ကျေးရွာသားများနှင့်တွေ့ဆုံ၍ နှစ်သိမ့်အားပေးစကားပြေကြားကာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌမှ ကနဦးထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)