ချမ်းမြသာစည်မြို့နယ် အမှတ်(၃၀) အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ

ချမ်းမြသာစည်      ဩဂုတ် ၇

လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်၍ ဗလငါးတန်နှင့်ပြည့်စုံစေရန်၊အသိပညာဗဟုသုတရရှိပြီး နိုင်ငံတော်အတွက် အကျိုးပြု‌နိုင်သော ကျောင်းသား၊ ကျောင်းသူများပေါ်ထွက်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း‌ ဆောင်ရွက်သော လူငယ်စကားဝိုင်းကို ယနေ့ နံနက် ၁၀  နာရီခွဲက  မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ချမ်းမြသာစည်မြို့နယ်၊အမှတ် (၃၀) အခြေခံပညာအထက်တန်းကျောင်းရှိ အောင်ဆန်းခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်ခိုင်က အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူး ဒေါ်ခင်စိမ်း၀င်းက လူငယ်စကားဝိုင်း ကျင်းပရခြင်း ရည်ရွယ်ချက်များကို ပြောကြား၍ "လူငယ်များ အသိပညာ၊အတတ်ပညာနှင့် ပြည့်စုံပြီး ထူးချွန်ထက်မြက်သူလေးများ ဖြစ်ပေါ်လာစေရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဆိုသည့် ဗလငါးတန်နှင့်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ စကားပြောစွမ်းရည်များ တိုးတက်လာ‌စေရန်နှင့် ပူး‌ပေါင်းဆောင်ရွက် တတ်သည့် စိတ်ဓာတ်များ ကိန်းအောင်းလာစေရန်၊ လူငယ်စကားဝိုင်းများကို ကျင်းပခြင်းဖြစ်ကြောင်း" ရှင်းလင်းပြောကြားသည်။  ယင်းနောက် စကားဝိုင်းကို ဆက်လက်ကျင်းပရာ မြို့နယ်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက ဦးဆောင်‌ကာ Grade(10)နှင့် Grade(11) ကျောင်းသား၊ ကျောင်းသူ‌များက လူငယ်နှင့်ကျန်းမာ‌ရေး၊ လူငယ်နှင့်ပရဟိတ၊ လူ့အခွင့်အရေး၊သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး စသည့် ခေါင်းစဉ်များဖြင့် ‌ဆွေးနွေး ခဲ့ကြသည်။

ယင်းနောက် စကားဝိုင်းသို့ တက်ရောက်လာသောကျောင်းသား/ကျောင်းသူများက ပြန်လည် ဖြည့်စွက်ဆွေးနွေး ခဲ့ကြပြီးနောက် ကျောင်းသား/ကျောင်းသူများသည် ခန်းမအတွင်း ပြသ ထားသော အသိပညာပေး နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များအား စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။      

ချမ်းမြေ့