‎မဟာအောင်မြေမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး နှင့် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

မဟာအောင်မြေ ဩဂုတ် ၇

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ အမှတ်(၈) အခြေခံပညာအထက်တန်းကျောင်း (ခွဲ)၌ ယနေ့ မွန်းလွဲပိုင်းက စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်ရေးရာ အသိပညာ‌ပေးဟောပြောပွဲကို ကျင်းပခဲ့သည်။

ရှေးဦးစွာ မဟာအောင်မြေမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမြင့်သိန်းစိုးက အနာဂတ်လူငယ်မျိုးဆက်သစ်များကို အခြေခံ ပညာအရွယ်ကစ၍ စာဖတ်သည့်အလေ့အထနှင့်အလေ့အကျင့်ကောင်းများရရှိလာစေရန်၊ စာအုပ်များနှင့်ရင်းနှီးကျွမ်းဝင်မှုရှိလာပြီး စာ‌ပေတွင်မွေ့လျော်ကာ မိမိတို့၏ကိုယ်ပိုင်အချိန်များကို အကျိုးရှိစွာအသုံးချတတ်လာစေရန်၊ အခြေခံပညာမှ အဆင့်မြင့်ပညာအထိ အတန်းစဉ်အလိုက် ဘက်စုံထူးချွန်ထက်မြက်သည့် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်လူရွယ်များပေါ်ထွက်လာစေရန် ရည်ရွယ်ချက်များဖြင့် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲနှင့် လူငယ်ရေးရာ ဟောပြောပွဲများကို ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နှင်းနုအေးက စာဖတ်ခြင်း၏ အကျိုးကျေးဇူးများနှင့်ပညာ၏ တန်ဖိုးအ‌ကြောင်းကို ဟောပြောခဲ့သည်။

ယင်းနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက က‌လေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ပြီးတက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အသိပညာပေးနံရံကပ်ပြဘုတ်များနှင့် သုတရသစာအုပ်များကို စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

အောင်ဇော်မင်း