ပျော်ဘွယ်မြို့နယ်တွင် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေး အသိပညာပေး

ပျော်ဘွယ် ဩဂုတ် ၇

ပျော်ဘွယ်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှဦးဆောင်၍ မြို့နယ်ပညာရေးဌာန၊ မြန်မာ့ဆက်သွယ်ရေး(အိတ်ချိန်း)၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်းပါဝင်မှုဖြင့် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေး အသိပညာပေးဗီဒီယိုပြသခြင်းနှင့်ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီခွဲက အခြေခံပညာအထက်တန်း ကျောင်းခွဲ(အောင်သာ)တွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ လန်ချန်း-မဲခေါင် တရားဥပဒေစိုးမိုးရေးနှင့်လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဗဟိုဌာနမှ ပေးပို့လာသည့် “ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေး” ဗီဒီယိုကို ကျောင်းသား၊ ကျောင်းသူများအား ကြည့်ရှုစေပြီး မြို့မရဲစခန်းမှူး ဒုတိယရဲမှူးကျော်မင်းဆွေက ဆက်သွယ်ရေးနှင့်လောင်းကစား ဆက်နွယ်နေမှုအကြောင်း၊ မြန်မာ့ဆက်သွယ်ရေး(အိတ်ချိန်း)တာဝန်ခံ ဦးမြတ်တိုးဉာဏ်ကဆက်သွယ်ရေးအသုံးပြုရာတွင် ရှောင်ကြဉ်ရမည့်အချက်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက ဆက်သွယ်ရေးဆိုင်ရာများမှ လိမ်လည်မှုမခံရစေရေး၊ မြို့နယ်ခေတ္တပညာရေးမှူး ဦးခင်မောင်ဌေးက ဆက်သွယ်ရေးဆိုင်ရာလိမ်လည်မှုများ၌ ကျောင်းသား၊ ကျောင်သူများပါဝင်ပတ်သက်မှုမရှိအောင် နေထိုင်တတ်စေရေးတို့ကို ရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)