မိုးညှင်းတက္ကသိုလ်၌ ရှေးဦးသူနာပြုစုခြင်း အခြေခံ (၈/၂၀၂၅) သင်တန်းဆင်းပွဲကျင်းပ

မိုးညှင်း ဩဂုတ် ၇

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းတက္ကသိုလ်တွင် ရှေးဦးသူနာပြုစုခြင်း အခြေခံ (၈/၂၀၂၅) သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီက တက္ကသိုလ်ရတနာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာသင်တန်းဆင်းပွဲ အခမ်းအနားတွင် ကြက်ခြေနီသင်တန်းသား သင်တန်းသူများက ကြက်ခြေနီတေးသီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး တက္ကသိုလ်ခေတ္တပါမောက္ခချုပ် ဒေါက်တာ နိုင်နိုင်လတ်က အဆိုပါသင်တန်းဆင်းပွဲနှင့်ပတ်သက်၍ အမှာစကားပြောကြားရာတွင် သင်တန်းသို့တက်ရောက်ခဲ့ကြသည့် ကြက်ခြေနီစေတနာ့လူငယ်များအနေဖြင့် ကိုယ်ကျိုးစွန့် အနစ်နာခံပြီး လူသားတို့၏ထိခိုက်ဒဏ်ရာရရှိမှုများကို စွမ်းစွမ်းတမံ ကူညီဆောင်ရွက်သွားကြစေ လိုပါကြောင်း တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ မိုးညှင်းခရိုင် ကြက်ခြေနီအသင်းခွဲမှခရိုင်ဒုတိယဥက္ကဋ္ဌ ဦးထွန်းပိုက ရှေးဦးသူနာပြုစုခြင်း အခြေခံ (၈/၂၀၂၅) သင်တန်းဆင်းပွဲနှင့်ပတ်သက်၍ အမှာစကားပြောကြားကာ သင်တန်းသို့ တက်ရောက်ခဲ့ကြသည့် သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသား တစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် သင်းတန်းနည်းပြဆရာများက သင်တန်းသားသင်တန်းသူ(၁၂၀)ဦးအား သင်တန်းဆင်း လက်မှတ်များနှင့် သင်တန်းတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသူများကို ဆုများချီးမြှင့်ပေးအပ် ခဲ့ကြကြောင်း သိရသည်။

ရွှေမိုးညှင်း