မချမ်းဘော သြဂုတ် ၆
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် စာဖတ်ရှိန်မြှင့်တင်လာစေရန်ရည်ရွယ်၍ နယ်လှည့်စာကြည့်တိုက်နှင့်ဟောပြောပွဲကို အလန်ဂါး အခြေခံ ပညာအလယ်တန်းကျောင်းတွင် ယနေ့မွန်းလွဲ ၁ နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နီနီလွင်က သူများကို ဖျက်ကိုယ်အရင်ပျက် ခေါင်းစဥ်ဖြင့် အသိပညာပေးဟောပြောရာတွင် သားတို့သမီးတို့ဘဝမှာ သူတစ်ပါးအား မကောင်းကြံစိတ်ဖြင့် ပျက်စီးအောင်ကြံစည်ပါက မိမိကိုယ်တိုင်အရင် ပျက်စီးရတတ်လို့ မလိုမုန်းထားစိတ်များ မထားကြဘဲ စိတ်ဓာတ်ကောင်းဖို့ အစဥ်ကြိုးစားနေထိုင်ဖို့ လိုပါတယ်ဟု ထည့်သွင်းပြောကြားခဲ့သည်။ ထို့နောက် နယ်လှည့်စာကြည့်တိုက် ယူဆောင် လာသော သုတရသစာအုပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများအား ငှားရမ်းဖတ်ရှုစေပြီး မိမိဖတ်ရှုထားသောစာအုပ်ပါအကြောင်း အရာများကို ပြန်လည်မျှဝေဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပြီးနောက် ဟောပြောပွဲတက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူ ၁၀၀ ဦးတို့က ခင်းကျင်းပြသထားသော သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး နံရံကပ်စာစောင်နှင့်မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေး နံရံကပ်စာစောင်များကို စိတ်ဝင်တစားကြည့်ရှုလေ့လာခဲ့ ကြကြောင်း သိရသည်။
ဆက်လက်၍ စာရေးဆရာကောင်းသန့်ရေးသားထားသော သားငယ်တို့နားလည်ဖို့စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပရာ Grade-8 ကျောင်းသူ မနိုဒီးဆာကပညာရှာသူလူငယ်တွေ သူဖုန်းစားနည်းကို ယူသင့်တယ်ခေါင်းစဥ်ဖြင့်လည်းကောင်း၊ မမွန်းပန်ကပညာရေးဆိုတာ ဘာလဲခေါင်းစဥ်ဖြင့်လည်းကောင်း၊ မဒူးနော်ဆာက ကွန်ပျူတာဆိုတာဘာလဲ ခေါင်းစဥ်ဖြင့်လည်းကောင်း၊ မောင်ဒီးဆာဒွေ့က အစားကိုကုန်အောင်စား စကားကိုကုန်အောင်မစားနဲ့လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီးနောက် ဆွေးနွေးချက်များအပေါ် ဦးစီးအရာရှိက ပြန်လည်ရှင်းလင်းဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယောရွှေနီ(မချမ်းဘော)