ပြည်ကြီးတံခွန်မြို့နယ် အထက(၂၇)တွင် လူငယ်ရေးရာဟောပြောပွဲ ကျင်းပ

ပြည်ကြီးတံခွန် ဩဂုတ် ၇

မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် အထက(၂၇) အောင်တံခွန်ခန်းမ၌ ယမန်နေ့နံနက်၁၀နာရီက လူငယ်ရေးရာဟောပြောပွဲကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျင်းပဆောင်ရွက်သည်။

‌ဟောပြောပွဲတွင် လူငယ်၊လူရွယ်များ အသိပညာဗဟုသုတများ ကြွယ်ဝစေရန်၊ ညဏ်ရည်ညဏ် သွေး ထက်မြက်နေစေရန်၊အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်လူရွယ်များဖြစ်လာစေရန် အားကစားနှင့် ကာယပညာ သိပ္ပံ(မန္တလေး)၊ လက်ထောက်ညွှန်ကြားရေးမှူး ဦး‌ကျော်ကျော်ဦးက ဗလငါးတန်ဖြစ်သည့် ကာယဗလ၊ ညဏဗလ၊စာရိတ္တဗလ၊‌ ဘောဂဗလ၊ မိတ္တဗလအကြောင်းအရာများ၊ အားကစားနှင့်ပက်သက်သည့် အကြောင်းအရာများ၊ လူငယ်လူရွယ်များ စာပေများဖတ်ရှုလေ့လာဖို့ရန် စသည့်တို့ကို ရှင်းလင်းဟောပြောသည်။ ဆက်လက်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်စောလွင်က လူငယ်လူရွယ်များ စာများများဖတ်ဖို့ရန်၊ အားလပ်ချိန်များတွင် စဉ်ဆက်မပြတ် စာပေဗဟုသုတများကို ဖတ်ရှုလေ့လာဖို့ရန်၊ စာပေဖတ်ရှုလေ့လာခြင်းဖြင့်ရရှိလာမည့် စာပေအကျိုးကျေးဇူးအကြောင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်စာစောင်းများ ငှားရမ်းဖတ်ရှုလေ့လာနိုင်ပါကြောင်း ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။

ယင်းနောက် အထက(၂၇) ကျောင်းရှိ  ဆရာ၊ ဆရာမများထံ အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ အားကစားပစ္စည်းများထောက်ပံ့ပေးအပ်ခဲ့သည်။ ဟောပြောပွဲသို့ တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများက ခင်းကျင်းပြသထားသော သုတ၊ ရသစာအုပ်စာစောင်များနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များကို လေ့လာခဲ့ပြီး ပြန်ကြား‌ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး သတင်းစကားလက်ကမ်း စာစောင်များကိုလည်း ဖြန့်ဝေဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဇင်မင်းမောင်