နေပြည်တော် ဩဂုတ် ၇
၂ဝ၂၅ ခုနှစ်၊ ဝါတွင်းကာလအတွင်း ပြည်ထောင်စုနယ်မြေအတွင်းရှိ သံဃာ၊ သီလရှင် ပရိယတ္တိစာသင်တိုက်များသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့် ဆွမ်းပဒေသာပင် လှူဒါန်းနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီ၊ ဇမ္ဗူသီရိခန်းမ၌ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ တက်ရောက်သည်။
ဦးစွာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက ဝါတွင်းကာလအတွင်း ဘုန်းတော်ကြီးကျောင်း၊ သီလရှင်ကျောင်းနှင့် စာသင်တိုက်များသို့လိုအပ်သည့် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေး ပစ္စည်းများ စနစ်တကျဖြန့်ဖြူးနိုင်ရန် နည်းလမ်းများကို အသေးစိတ်စီမံဆောင်ရွက်ထားရန်၊ ဝါတွင်းကာလသည် သံဃာတော်များ သာသနာ့တာဝန်များကို အားစိုက်ဆောင်ရွက်သည့် အချိန်ဖြစ်သကဲ့သို့ လူဒါယကာများအနေဖြင့်လည်း ကုသိုလ်အလှူခံပစ္စည်းများ လှူဒါန်းရန် အထူးအခွင့်ကောင်းတစ်ရပ်လည်းဖြစ်ကြောင်း၊ ဆန်စပါး၊ ဆီ၊ ဆား၊ ပဲအမျိုးမျိုး၊ ဆေးဝါးနှင့် နေ့စဉ်သုံးကုန်ပစ္စည်းများအပြင် ဆွမ်းပဒေသာပင်လှူဒါန်းရာ၌ ဌာနဆိုင်ရာများအားလုံး ဝိုင်းဝန်းပါဝင်စေလိုကြောင်း ပြောကြားသည်။
ယင်းနောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက ၂ဝ၂၅ ခုနှစ်၊ ဝါတွင်းကာလအတွင်း ပြည်ထောင်စုနယ်မြေအတွင်းရှိ သံဃာ၊ သီလရှင် ပရိယတ္တိစာသင်တိုက်များသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့် ဆွမ်းပဒေသာပင် လှူဒါန်းနိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီဝင်က လိုအပ်သည်များကို ဖြည့်စွက်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
အောင်သူရဦး(ပြန်/ဆက်)