နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး ပျဉ်းမနားမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစစ်ဆေး

နေပြည်တော် ဩဂုတ် ၇

နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ပျဉ်းမနားမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစစ်ဆေး ကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးသည် တာဝန်ရှိသူများနှင့်အတူ ပျဉ်းမနားမြို့၊ ဇီးဖြူပင်ကျေးရွာရှိ တောင်သူများ၏ ထိုင်းနှံကောက်စပါးပျိုးထောင်နေမှု အခြေအနေများအား  ကြည့်ရှုအားပေးခဲ့ပြီး သီးနှံများပန်းတိုင်အထွက်နှုန်းထက် ကျော်လွန်ထွက်ရှိနိုင်ရေး၊  သီးနှံစိုက်ပျိုးမြေများကို ပလပ်မြေမထားပဲ နွေ၊ မိုး၊ ဆောင်း ရာသီပြည့်သီးနှံများစိုက်ပျိုးနိုင်ရေး၊ စပါးစိုက်တောင်သူများ အနေဖြင့် မျိုး၊ မြေ၊ ရေ၊ နည်းလမ်းများ မှန်ကန်အောင်ဆောင်ရွက်နိုင်ရေး၊ သီးထပ်စွမ်းအားတိုးမြှင့်နိုင်ရေးအတွက် အထွက်တိုးမျိုးကောင်းမျိုးသန့်စပါးများ စိုက်ပျိုးနိုင်ရေးနှင့် စိုက်ပျိုးသမျှ သီးနှံများအား သတ်မှတ်ထားသည့် ပန်းတိုင်အထွက်နှုန်းရရှိရေးတို့ကို မှာကြားခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးသည် ပေါစံခေါကျေးရွာရှိ တောင်သူများနှင့်တွေ့ဆုံပြီး မိုးစပါးစိုက်ခင်းများအတွင်း ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေနုတ်မြောင်းများ စနစ်တကျတူးဖော်ဆောင်ရွက်ထားရှိရေး၊ တစ်နှစ်သုံးသီးစိုက်ပျိုးပြီး သီးထပ်စွမ်းအားမြှင့်တင်နိုင်ရေး၊ သဘာဝမြေဆွေးများပြုလုပ်ပြီး လယ်ယာမြေများအတွင်း ထည့်သွင်းအသုံးပြုစိုက်ပျိုးနိုင်ရေး၊ မိုးစပါးစိုက်ကွင်းများတွင် ပေါင်းမြက်များ အချိန်မီရှင်းလင်းနိုင်ရေးတို့ကို စနစ်တကျဆောင်ရွက်ရန် မှာကြားကာ သစ်စိမ့်ပင်ကျေးရွာရှိ တောင်သူများ၏ ပေါ်ဆန်းမွှေးစပါးမျိုးပျိုးနှုတ်နေမှု အခြေအနေများအား ကြည့်ရှုစစ်ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များမှာကြားခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးနှင့် တာဝန်ရှိသူများသည် ညောင်ပင်သာကျေးရွာရှိ ရွှေသီးနှံပွဲရုံနှင့် ဆန်စက်သို့ ရောက်ရှိပြီး စပါးနှင့် ပြောင်းများ အခြောက်ခံထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ထွက်ရှိလာသောစပါးနှင့်ပြောင်းများ အလေအလွင့်နည်းပါးစွာ ထုတ်လုပ်သိမ်းဆည်းနိုင်ရေး၊ အရည်အသွေးကောင်းမွန်စွာဖြင့် စျေးကွက်သို့တင်ပို့နိုင်ရေး၊ စက်ရုံအား စွမ်းအားပြည့် လည်ပတ်အသုံးချနိုင်ရေး၊ သီးနှံများအား ဈေးကွက်ရရှိအောင် နည်းလမ်းများ ရှာဖွေဆောင်ရွက်ကြရန်နှင့် စိုက်ပျိုးတောင်သူများ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ သီးနှံအခြောက်ခံခြင်း၊ သိုလှောင်ခြင်း၊ နည်းစနစ်များကို ကျယ်ကျယ်ပြန့်ပြန့် ပညာပေး၍ ဈေးကွက်ရရှိအောင် ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)